ထမင်းစားပြီးတဲ့အခါ ဗိုက်ဝသွားပေမယ့် တစ်ခုခု စားချင်တဲ့စိတ်က မပျောက်သေးဘူးလား။ ဒါက အချိုတဲဖို့ လိုအပ်နေပြီဆိုတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အိမ်လုပ်အချိုပွဲလေး မလုပ်စားချင်ကြဘူးလား။ မိမိအိမ်မှာပဲ ချက်ပြုတ်ထားတဲ့ အချိုပွဲစားသုံးခြင်းကြောင့် ရရှိမယ့် ကောင်းကျိုးတွေကတော့ ကျန်းမာရေးနဲ့ ညီညွှတ်မျှတခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်းနဲ့ ရွှေဧည့်သည်များ အိမ်အလည်လာတဲ့အခါ အဆင်သင့်တည်ခင်းဧည့်ခံပေးနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အချိုပွဲလေးကတော့ ပျားရည် ငှက်ပျောသီးအချိုပွဲပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းလေးမျိုးတည်းနဲ့ အရသာရှိအောင် ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် ၂ လုံး
  • သံပုယိုသီး ၁ လုံး
  • သံလွင်ဆီအနည်းငယ်
  • ပျားရည် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို အပူချိန် ၂၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ငှက်ပျောသီးကို အခွံခွာပြီးနောက် ပါးပါးလှီးထားပါ။ ငှက်ပျောသီး လှီးထားတာ ပိုပါးလေ ပိုကြွပ်လေပဲဖြစ်ပါတယ်။

၃။ Oven ထဲ ထည့်မယ့် လင်ဗန်းပေါ်မှာ ခဲဖတ်လေး ကပ်ထားလိုက်ပါ။ ထို့နောက် ခဲဖတ်ပေါ်တွင် သံလွင်ဆီလေး သုတ်လိမ်းလိုက်ပါ။

၄။ သံပုယိုသီးကို အရည်ညှစ်လိုက်ပါ။ လှီးဖြတ်ထားသော ငှက်ပျောသီးများကို သံပုယိုရည်ထဲ နှစ်ထည့်လိုက်ပါ။ ဒါမှ ငှက်ပျောသီးအရောင်က ညိုမဲမသွားဘဲ ဖြူဖြူသန့်သန့်လေးဖြစ်နေမှာပါ။

၅။ အားလုံး အဆင်သင့်ဖြစ်သွားပြီဆိုရင်တော့ Oven ထဲမှာ တစ်နာရီခွဲခန့် ထည့်ဖုတ်လိုက်ပါ။ အချိန်ပြည့်ပါက ငှက်ပျောသီးများကို တစ်ဖက်သို့လှန်လိုက်ပြီး Oven ထဲမှာ နောက်ထပ် တစ်မိနစ်ခန့် ထည့်ဖုတ်ရပါမယ်။

၆။ အချိန်ပြည့်သွားပါက Oven ထဲက ထုတ်ပြီး ပျားရည်လေးများ ဆမ်းပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပျားရည် ငှက်ပျောသီးအချိုပွဲကို ထမင်းစားပြီးနောက် အရသာရှိရှိ အချိုတဲနိုင်ပါပြီ။

Source: easyhealthoptions.com