အားလုံးပဲ မင်္ဂလာပါ။ ဆီ အလွန်အကျွံအသုံးပြုခြင်းက အဝလွန်ခြင်းကို ဖြစ်ပေါ်စေတဲ့အတွက်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် အကြော်အလှော်တွေ ကြော်တဲ့အခါ ဆီကို ပုံမှန်ထက်ပိုပြီး အသုံးပြုရတတ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ဆီများများနဲ့ ကြော်လှော်နေမယ့်အစား ဆီအနည်းငယ်သာ အသုံးပြုထားတဲ့ အာလူးချောင်း မီးဖုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အာလူး ၁ ပေါင်ခွဲခန့်
  • နုပ်နုပ်စဉ်းထားသော နံနံပင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ဒယ်အိုးကို အပူပေးထားပြီး ဆီ ထည့်ကာ ကြက်သွန်ဖြူများ ထည့်လိုက်ပါ။ ထို့နောက် မီးအေးအေးဖြင့် ၅ မိနစ်ခန့် ဆီသတ်ပါ။

၃။ ကြက်သွန်ဖြူများကို ဆယ်ယူလိုက်ပြီးနောက် ကြက်သွန်ဖြူဆီကိုတော့ အာလူးဖုတ်မယ့် လင်ဗန်းပေါ်ဆမ်းထည့်လိုက်ပါ။

၄။ အာလူးများကို ရေဆေးပြီးနောက် အရင်ဦးဆုံး အဝိုင်းပုံသဏ္ဍာန် လှီးဖြတ်ပါ။ ပြီးရင် အာလူးချောင်းများ ဖြစ်သွားအောင် ထပ်လှီးလိုက်ပါ။

၅။ ထိုအာလူးချောင်းများကို စောစောက ဆီသုတ်ထားသော လင်ဗန်းထဲ အညီအညာဖြန့်ထည့်လိုက်ပါ။ ဆားအနည်းငယ် ဖြူးထည့်ပါ။

၆။ ထို့နောက် ထိုလင်ဗန်းကို Oven ထဲတွင် မိနစ် ၂၀ မှ ၂၅ မိနစ်အတွင်း ထည့်ထားလိုက်ပါ။ အာလူးချောင်းရဲ့အောက်ခြေက ရွှေရောင်ပြောင်းသွားပါက အာလူးချောင်းများကို အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်း ထည့်ဖုတ်ပေးလိုက်ပါ။

၇။ ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူးချောင်း မီးဖုတ်လေး ရရှိသွားပါပြီ။ ထိုအာလူးချောင်းများကို ဆီသတ်ထားသော ကြက်သွန်ဖြူအဖတ်များ၊ အသင့်ပြင်ထားသော နံနံပင်နှင့် ဆားအနည်းငယ်တို့ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ကာ မိမိနှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Fifteenspatulas.com