မိမိရဲ့မီးဖိုချောင်ထဲမှာ Oven လေး တစ်လုံးရှိခြင်းက ဘက်စုံအသုံးဝင်ပါတယ်။ ပေါင်မုန့်ဖုတ်ဖို့အတွက်ပဲ အသုံးပြုမလား။ အကြော်အလှော်တွေကို အညှော်ခံပြီး မကြော်ချင်တဲ့အခါမှာလည်း ဆီနည်းနည်းလေးပဲ အသုံးပြုပြီး ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဖုတ်စားတဲ့အခါမှာလည်း အသုံးဝင်တဲ့ စက်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

တကယ်လို့ စာဖတ်သူတို့အိမ်မှာ Oven တစ်လုံးရှိတယ်ဆိုရင်တော့ ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းသာအသုံးပြုထားတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်သော ကြက်တောင်ပံမီးဖုတ်လေး လုပ်စားလို့ရပါပြီ။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၃ ပေါင် (၁၄ ခုခန့်)
  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် ၆၄ ဂရမ်နှင့် ပြောင်းမှုန့် ၃၄ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်တောင်ပံများကို ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ထည့်ကာ သမအောင် နယ်ထားပြီးနောက် မိနစ် ၂၀ ခန့် ထားထားလိုက်ပါ။

၂။ Oven ကို ၄၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ အခြားပန်းကန်လုံးတစ်လုံးတွင် ဂျုံမှုန့်နှင့် ပြောင်းမှုန့်တို့ကို ရောမွှေထားပြီးနောက် ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် ရောနယ်ထားပါ။

၃။ ထို့နောက် ကြက်တောင်ပံများကို ဂျုံမှုန့်ပန်းကန်ထဲထည့်ကာ သမအာင် ထပ်နယ်ပေးရပါမယ်။

၄။ ထို့နောက် ဆီစုပ်စက္ကူ ခံထားသော လင်ဗန်းပေါ်တွင် ကြက်တောင်ပံများကို တင်ထားလိုက်ပါ။ ပြီးရင်တော့ ဆီဖြင့် သုတ်ပေးပေးလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ကြက်တောင်ပံများကို Oven ထဲတွင် မိနစ် ၃၀ (သို့) မိနစ် ၄၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ ၁၅ မိနစ် (သို့) မိနစ် ၂၀ ခန့်ပြည့်ပါက ကြက်တောင်ပံကို အခြားတစ်ဖက်သို့ လှန်ပေးဖို့ လိုပါတယ်။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်တောင်ပံမီးဖုတ်လေး ရရှိသွားပါပြီ။

ဆားအနည်းငယ်ဖြူးထည့်ကာ မိမိစိတ်ကြိုက် အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ မြည်းစမ်းကြည့်နိုင်ပါပြီ။

Source: Thewoksoflife.com