အားလုံးပဲ မင်္ဂလာပါ။ ကိတ်မုန့်ဖုတ်ရတာ ဝါသနာပါတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း နည်းနည်းလေးနဲ့ အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ ငှက်ပျောသီးကိတ်မုန့်ဝိုင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ကြက်ဥ အသုံးမပြုထားတဲ့အတွက်ကြောင့် သပ်သတ်လွတ်သမားများပါ စားသုံးနိုင်တဲ့ ငှက်ပျောသီးကိတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် ၃ လုံး
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဂျုံမှုန့် ၁၂၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သစ်ကြားသီး ၆၀ ဂရမ် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၆၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကိတ်မုန့်ဖုတ်မယ့် ပုံစံခွက်ငယ်များကို စက္ကူ ခံထည့်ထားလိုက်ပါ။ ဒါမှမဟုတ် အုန်းဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးတွင် ငှက်ပျောသီးများကို ခက်ရင်းဖြင့် ကြေညက်သွားအောင် ချေထားလိုက်ပါ။

၃။ ဆီနှင့် သကြားတို့ထည့်ပြီး ခရင်မ်ဖြစ်သွားသည်အထိ မွှေပေးလိုက်ပါ။

၄။ အခြားပန်းကန်လုံး တစ်လုံးထဲတွင် ဂျုံမှုန့်၊ ဆားနှင့် မုန့်ဖုတ်ဆိုဒါတို့ထည့်ပြီး သမအောင် ရောနှောထားလိုက်ပါ။ ရရှိလာတဲ့ ဂျုံမှုန့်အရောအနှောကို ငှက်ပျောသီးပန်းကန်ထဲထည့်ပြီး သမအောင် မွှေပေးရပါမယ်။

၅။ သစ်ကြားသီး အသုံးပြုပါက သစ်ကြားသီးများကို အနည်းငယ် ချေမွပြီးနောက် ငှက်ပျောသီးအနှစ်ထဲထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ (သစ်ကြားသီးမထည့်ပါက ဒီအဆင့်ကို ကျော်လိုက်လို့ရပါတယ်။)

၆။ ရရှိလာတဲ့ ငှက်ပျောသီးအနှစ်များကို ပုံစံခွက်ငယ်ထဲ အညီအမျှ ခွဲထည့်လိုက်ပါ။ ထိုကဲ့သို့ ထည့်ရာမှာလည်း ခွက်အပြည့်မထည့်ဘဲ ၃ ပုံ ၂ ပုံ ခန့်သာ ထည့်ပေးရပါမယ်။ ကျန်တဲ့တစ်ပုံကိုတော့ မုန့်သားတက်လာဖို့ရန်အတွက် နေရာချန်ထားပေးဖို့ လိုပါတယ်။

၇။ ထို့နောက် Oven ထဲထည့်ကာ ၂၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ငှက်ပျောသီး ကိတ်မုန့်ဝိုင်းလေး ရရှိသွားပါပြီ။

Source: Thespruceeats.com