ငှက်ပျောဖူးကိုတော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ပြုတ်စားသလို၊ ချက်လည်းစားကြပါတယ်။ ဒါပေမယ့် ဟင်းထုပ်လုပ်တာကတော့ အချို့သူများအတွက် တစ်မျိုးလေးဆန်းနေမှာပါ။ အရသာအလွန်ရှိပြီး စားနေကြမဟုတ်လို့ လျှာပေါ်မှာစွဲမက်သွားမှာ အမှန်ဖြစ်ပါတယ်။ အိမ်ကလူတွေကတောင် နောက်ထပ်ချက်ပေးပါအုံးဆိုပြီး ပြောယူရတဲ့အထိဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ဒီလိုမျိုးအရသာရှိတဲ့ ငှက်ပျောဖူး ဟင်းထုပ် ချက်ပြုတ်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

သံပုရာသီး – ၁လုံး (ငှက်ပျောဖူး ၁ဖူးစာအတွက်)

ကြက်သွန်နီ – ၁၅၀ ဂရမ်

ငါး – ၂၀၀ ဂရမ်

ဝက်သား ကြိတ်သား – ၁၀၀ ဂရမ် (အဆီ အနည်းငယ် ပါရမည်)

ကြက်ဥ – တဝက်

ဆန်မှုန့် – ၄၅ ဂရမ်

ကော်မှုန့် – ၅ ဂရမ်

ရေ – ၆၀-၇၀ မီလီလီတာ

ဆား – ၆ ဂရမ်

ငပိ – မကျည်းစေ့အရွယ်

ငံပြာရည်- ၁ ၁/၂ လက်ဘက်ရည်ဇွန်း

နနွင်း – အနည်းငယ်

ငရုပ်သီး အရောင်မှုန့် – ၁ ၁/၂ လက်ဘက်ရည်ဇွန်း

ဆီ – ၂ ၁/၂ စားပွဲဇွန်း ငရုပ်သီးကြော်

ကြက်သွန်ဖြူကြော်

ငရုပ်သီးကြော်

ပြုလုပ်ပုံ

ဝက်သားကြိတ်သားကို ဆား၊ ပဲငံပြာရည်တို့နဲ့ နယ်ပီး ရေခဲသေတ္တာထဲမှာ ၁ နာရီနှပ်ထားပါ။ ငါးကို ၁လက္မ ပတ်လည် အတုံးလေးတွေလှီးထားပါ၊ ဆား၊ နနွင်း နယ်ထားပါ၊

ငှက်ပျောဖူးရဲ့ အတွင်းဘက် အကျဆုံး အဝါနုရောင်အပိုင်းကိုသာ သုံးပါ၊ လှီးမည့်ဒါးကို သံပုရာရည်ပွတ်ပါ၊ ငှက်ပျောဖူးကို ထက်ခြမ်းခြမ်းပီးတာနဲ့ သံပုရာရည်ပွတ်ပေးပါ၊ လှီးတဲ့အခါ ခပ်မြန်မြန်လှီးပါ။ ငှက်ပျောဖူးကို မထူမပါးလှီးပီး ဆားထည့် သံပုရာသီးညှစ်ထားတဲ့ ရေအေးတွင်စိမ်ပါ။

ကြက်သွန်နီ ကို ကြမ်းကြမ်းထူထူလှီးထားပါ။ ဇလုံကြီးကြီးတခုထဲမှာ၊ ဆန်မှုန့်၊ ကော်မှုန့်၊ ဆား၊ ကြက်သားမှုန့် ၊ ဆီ နဲ့ ရေထည့်ပီး သမအောင်မွှေပေးပါ။ ငပိစိမ်းစားကို ရေအနည်းငယ်ဖျော်ပီးထည့်ပါ။ ငါး၊ ဝက်သား၊ ကြက်သွန်နီ၊ ငှက်ပျောဖူး၊ ငရုပ်သီးမှုန့်၊ ငံပြာရည် ထည့်ပီးနယ်ပါ။

ငှက်ပျောရွက်တွင် ထည့်ပီး ထုတ်ပါ။ ပေါင်းမည့်အိုးတွင် အပေါက်ပါသော ပေါင်းဇကာထည့်ပါ၊ ရေ ထည့်ပီး ဆူအောင်တည်ပါ။ အဖုံးလုံရပါမည်။

ကျက်သွားတဲ့အခါ ကြက်သွန်ဖြူကြော်၊ ငရုပ်သီးကြော်တို့နဲ့ စားပါ၊ ရေအေးစိမ်ထားတဲ့ ဂေါ်ဖီထုတ် ကြွတ်ကြွတ်လေး၊ ဂျူးမြစ်၊ နံနံပင်တို့နဲ့ တို့စားနိုင်ပါတယ်။

Credit: Mee Mee Tofu