အားလုံးပဲ မင်္ဂလာပါ။ ခေါက်ဆွဲကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသား ခေါက်ဆွဲကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရောင်မတူသော ငရုတ်ပွ ၃ ခု ( တစ်ဝက်စီသာ အသုံးပြုပြီး အချောင်းလိုက် ပါးပါးလှီးထားပါ)
  • အမဲသား အနည်းငယ် (ပါးပါးလှီးထားပါ)
  • ခေါက်ဆွဲ ၈ အောင်စခန့်
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)

  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

အမဲသား နှပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ခရုဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြော်ရန် လိုအပ်သောဆော့စ်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြားအနည်းငယ်
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ ပြောင်းမှုန့်၊ နှမ်းဆီတို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

အခြားပန်းကန်လုံးတစ်လုံးတွင် ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင်၊ နှမ်းဆီ၊ သကြား၊ ခရုဆီတို့ကို သမအောင် မွှေထားလိုက်ပါ။

၂။ ဒန်အိုးတစ်လုံးတွင် ရေနွေးကျိုထားပြီးနောက် ခေါက်ဆွဲထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ပြုတ်ပါ။ ထို့နောက် ခေါက်ဆွဲများကို ဆယ်ယူလိုက်ပါ။

၃။ ထိုအချိန်တွင် ဒယ်အိုးတစ်ခုကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် အမဲသားထည့်ကာ တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ အမဲသားကို ပန်းကန်လုံးထဲသို့ ထည့်ထားပါ။ ဆီကိုတော့ ဒယ်အိုးထဲတွင် ချန်ထားခဲ့လိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ငရုတ်ပွနှင့် ကြက်သွန်နီတို့ထည့်ကာ ပျော့သွားသည်အထိ ကြော်လိုက်ပါ။ ခေါက်ဆွဲနှင့် အမဲသား၊ ကြော်ရန် ဆော့စ်တို့ကို လောင်းထည့်ကာ သမအောင် မွှေကြော်လိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ အမဲသားခေါက်ဆွဲကြော်တစ်ပွဲ ရရှိသွားပါပြီ။

Source: Chinasichuanfood.com