ခေါက်ဆွဲကြော် ကြိုက်နှစ်သက်သူများအတွက် လျှာကျွမ်းပြန်သွားစေမယ့် အမဲသား ခေါက်ဆွဲကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၂၂၅ ဂရမ် (ပါးပါးလှီးထားပါ)
  • ခေါက်ဆွဲ ၂၂၅ ၈ရမ်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • မြေပဲဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • မုန်ညှင်းရွက် အနည်းငယ် (အနေတော် လှီးဖြတ်ထားပါ)

  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ တစ်ခြမ်း (အချောင်းလိုက် ပါးပါးလှီးထားပါ)

ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • အမဲပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၂ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် အမဲသားများထည့်ပါ။ ထို့နောက် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဆားတို့ထည့်ကာ သမအောင် နယ်ထားပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေထားပါ။

၃။ ခေါက်ဆွဲခြောက်ကို အထုပ်ပေါ်က အညွှန်းအတိုင်း ပြုတ်ထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး မြေပဲဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ခေါက်ဆွဲများထည့်ကာ ရွှေရောင်ပြောင်းသွားသည်အထိ ကြော်ပါ။ ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၅။ ထိုဒယ်အိုးထဲသို့ပင် နောက်ထပ် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ အမဲသားထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ မိနစ်အနည်းငယ်ခန့် ကြော်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၆။ ဒယ်အိုးထဲသို့ ကျန်ရှိနေသော ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပါ။ ကြက်သွန်နီနှင့် မုန်လာဥနီတို့ထည့်ကာ မိနစ်အနည်းငယ်ခန့် မွှေကြော်ပါ။ ထို့နောက် ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပါ။

၇။ နောက်တစ်ဆင့်အနေနဲ့ မုန်ညှင်းရွက်များထည့်ပြီး ၁ မိနစ်ခန့် မွှေကြော်ပါ။ အသင့်ဖျော်ထားသော ဆော့စ် လောင်းထည့်ကာ ဆော့စ်များ ပျစ်သွားသည်အထိ မွှေကြော်လိုက်ပါ။

၈။ ထို့နောက် အမဲသားကြော်ကို ဒယ်အိုးထဲသို့ ပေါင်းထည့်ပြီး ဆော့စ်အရည် အနေတော်ဖြစ်သွားသည်အထိ မွှေကြော်ပေးလိုက်ပါ။

၉။ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ ခေါက်ဆွဲကြော်ပေါ်သို့ လောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ခေါက်ဆွဲကြော်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com