အမဲသားဆိုရင် စားတဲ့သူလည်းရှိသလို၊ မစားတဲ့သူတွေလည်း ရှိမှာပါ။ အမဲသားက အရမ်းကိုအာဟာရဖြစ်စေတဲ့ အသားတစ်မျိုးပါ။ ဒါကြောင့် စားမယ်ဆိုရင် အရသာပိုပိုကောင်းသွားအောင် ချက်စားကြည့်ပါ။ ဒီတစ်ခါမှာတော့ အမဲသားကို အချိုအရသာလေးနဲ့ ပိုစားကောင်းသွားအောင် ဘယ်လိုချက်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

အမဲသားအချိုချက်ပြုလုပ်ဖို့ ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ နုတ်နုတ်စဉ်းထားတဲ့ကြက်သွန်ဖြူ – ၂ တက်၊ နုတ်နုတ်စဉ်းထားတဲ့ ဂျင်း – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပါးပါးသေးသေးလေးတွေလှီးထားတဲ့ ကြက်သွန်နီ – ၁ လုံးထည့်ချက်ပါ။

အနေတော်အတုံးတွေတုံးထားတဲ့ အမဲသား – ပန်းကန်လုံးအကြီးတစ်လုံးစာထည့်ပြီး အမဲသားအရောင်ပြောင်းသွားတဲ့အထိ မွှေပေးပါ။

အမဲသားအရောင်ပြောင်းသွားတာနဲ့ ရေ – ခွက် ၄ ခွက်စာ၊ ပဲငံပြာရည် – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာနဲ့ စမုန်စပါးရှိရင် အနည်းငယ်ထည့်ပါ။ သကြား – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာ၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ဆား – အနည်းငယ်တို့ကို ထည့်မွှေပါ။ ပြီးရင်တော့ အဖုံးအုပ်ပြီး တည်ထားလိုက်ပါ။

ရလောက်ပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ထမင်းနဲ့တွဲစားရင် အချိုအရသာလေးနဲ့ အရမ်းကိုအရသာရှိပါတယ်။

Photo Source: www.yummyph.com