အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပရိုတင်းဓာတ်များ ပေါကြွယ်ဝစွာပါဝင်တဲ့ အမဲသား ပဲပြားရောကြော် ဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၀ အောင်စ (ပါးပါးလှီးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

  • ဂျင်းပြား ၃ ပြား
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ဖြူသောအစိတ်အပိုင်းနှင့် စိမ်းသောအစိတ်အပိုင်းကို သပ်သပ်စီ ပါးပါးလှီးထားပါ)
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • အမဲပြုတ်ရည် (သို့) ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၂ ဇွန်း

  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပဲပြား ၁ တုံး (အနေတော်အတုံး လှီးထားပါ)
  • ပြောင်းရေ (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်းကို သမအောင် ရောနှောထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားများကို ရေ၊ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ မုန့်ဖုတ်ဆိုဒါနှင့် ပဲငံပြာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ဖြင့် သမအောင် နယ်ထားပြီးနောက် မိနစ် ၂၀ ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ကာ အမဲသား တစ်ဖက်ချင်းစီကို စက္ကန့် ၂၀ စီ ကြော်ပေးရပါမယ်။ နှစ်ဖက်စလုံး ကြော်ပြီးတာနဲ့ စောစောက အမဲသားနပ်ထားသော ပန်းကန်ထဲသို့ပင် ပြန်ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဂျင်းထည့်ကာ စက္ကန့် ၂၀ ခန့် ဆီသတ်ပါ။ ဆီ လိုအပ်ပါက နောက်ထပ် စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်နိုင်ပါတယ်။ ထို့နောက် ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်ရဲ့ ဖြူသောအစိတ်အပိုင်းတို့ထည့်ကာ ၁၀ စက္ကန့်ခန့် မွှေပေးပါ။ ပြီးမှ ဟင်းချက်ဝိုင် ထည့်ပါ။

၄။ ဆယ်စက္ကန့်ခန့် မွှေပြီးတဲ့အခါ ကြက်ပြုတ်ရည်၊ ခရုဆီ၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်နှင့် သကြားတို့ထည့်ကာ သမအောင်မွှေပါ။ ထို့နောက် ပဲပြားများ ထည့်ကာ ဖြည်းညှင်းစွာ မွှေပေးလိုက်ပါ။

၅။ ဟင်းရည်က ပွက်ပွက်ဆူလာတဲ့အခါ အမဲသားနှင့် ကျန်ရှိနေသော ကြက်သွန်မြိတ်တို့ လောင်းထည့်လိုက်ပါ။ အမဲသားရည်များလည်း ကုန်စင်အောင် လောင်းထည့်ပေးရပါမယ်။

၆။ စက္ကန့်အနည်းငယ်ကြာတဲ့အခါ ပြောင်းရေ လောင်းထည့်ပြီးနောက် ပြောင်းရေ ခမ်းလာသည်အထိ တည်ထားပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ပဲငံပြာရည် အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ပဲပြားရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source : Thewoksoflife.com