အားလုံးပဲ မင်္ဂလာပါ။ မနက်အိပ်ရာနိုးထလာတိုင်း အာဟာရပြည့်ဝတဲ့ မနက်စာကို စားသုံးချင်ပါသလား။ ဒါမှမဟုတ် နေ့ခင်းနေ့လည် ဗိုက်ဆာလို့ သရေစာမုန့်တစ်ခုခု စားချင်တဲ့အခါ အာဟာရပြည့်ဝတဲ့ မုန့်များကိုပဲ စားချင်တာလား။

ဒါဆိုရင်တော့ ဗိုက်လည်းပြည့်ပြီး အာဟာရလည်းရှိတဲ့ တူနာငါး ဆန်းဒဝှစ်ချ်လေး လုပ်စားလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • တူနာငါး ဆီသွပ်ဘူး တစ်ဘူးခန့်
  • ချိစ် အနည်းငယ်
  • မိရောနိစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ တစ်လုံး (ပါးပါးလှီးထားပါ)
  • တရုတ်နံနံ တစ်ပင် (ပါးပါးလှိးထားပါ)
  • သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • နံနံပင် စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ပေါင်မုန့် ၄ ချပ်
  • ဆလပ်ရွက်နှင့် ခရမ်းချဉ်သီး (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ပေါင်မုန့်များကို မီးကင်ပေးရပါမယ်။

၂။ ပေါင်မုန့်၊ ဆလပ်ရွက်နှင့် ခရမ်းချဉ်သီးမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများ အားလုံးကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ခရမ်းချဉ်သီးထည့်မယ် ဆိုပါက ခရမ်းချဉ်သီးကို အကွင်းလိုက်လှီးလိုက်ပါ။ ထို့နောက် ပေါင်မုန့်ပေါ်တွင် ဆလပ်ရွက်တင်ထားလုက်ပါ။ ခရမ်းချဉ်သီး နှစ်ကွင်း၊ သုံးကွင်းခန့်ကို ဆလပ်ရွက်ပေါ် တင်ပေးလိုက်ပါ။

ဆလပ်ရွက်နှင့် ခရမ်းချဉ်သီး မထည့်သူများက အဆင့် (၃) ကို ကျော်လိုက်လို့ရပါတယ်။

၄။ စောစောက သုပ်ထားသော တူနာငါးသုပ်ကို ပေါင်မုန့်ချပ်ပေါ် (သို့မဟုတ်) ခရမ်းချဉ်သီးများပေါ် ဖြန့်ကျက်ပေးလိုက်ပါ။ ပြီးရင်တော့ အခြားပေါင်မုန့်ချပ်ဖြင့် ဖိကပ်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာလည်းရှိပြီး အာဟာရဓာတ်လည်း ပြည့်ဝတဲ့ တူနာငါး ဆန်းဒဝှစ်ချ်ကို မနက်စာအဖြစ်သာမက နေ့လည်စာ အဆာပြေအဖြစ်ပါ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

ကော်ဖီပူပူလေး၊ နွားနို့ပူပူလေးနဲ့ဖြစ်ဖြစ် တွဲဖက်စားသုံးနိုင်သလို အအေးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်လည်း လိုက်ဖက်တာကြောင့် မိမိနှစ်သက်သလို အရသာရှိရှိ စားသုံးနိုင်ပါတယ်။

Source: Simplyrecipes.com