အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ သစ်အယ်သီးနဲ့ ကြက်သားရောကြော် ဟင်းလျာပဲဖြစ်ပါတယ်။ ဘယ်လိုဆန်းသစ်ပြီး အရသာရှိတဲ့ဟင်းလျာကို မြည်းစမ်းကြည့်နိုင်မလဲဆိုတာ သိချင်ရင်တော့ တစ်ခေါက်လောက်တော့ ချက်စားကြည့်လိုက်ဦးနော်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၂ ပေါင်ခန့်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သစ်အယ်သီး ၁၅၃ ဂရမ်

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)၊ ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်နီ ၄ ပုံ ၁ ပုံ (ပါးပါးလှီးထားပါ)
  • ဂျင်း ၄ ပြား
  • နာနတ်ပွင့် ၂ ပွင့်
  • ရေနွေးပူ ၅၀၀ မီလီလီတာ

ဆော့စ် ပြုလုပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို အတုံးငယ်များ တုံးထားပြီးနောက် ပွက်ပွက်ဆူနေသော ရေနွေးပူထဲတွင် စက္ကန့် ၃၀ ခန့် ပြုတ်ပေးထားလိုက်ပါ။ ထို့နောက် ကြက်သားတုံးများကို ပန်းကန်လုံးထဲ ဆယ်ထည့်ထားပါ။

၂။ ထိုကြက်သားပြုတ်ကို ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် နယ်ဖတ်ပြီးနောက် ၁၅ မိနစ်ခန့် ထားထားလိုက်ပါ။ (ကြော်ခါနီးကျမှ အရည်များကို စစ်ထုတ်လိုက်ပါ။)

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ ကြက်သားတုံးများ ထည့်ကြော်ပေးလိုက်ပါ။ ၁ မိနစ်ခန့် ကြော်ပြီးတဲ့အခါ ကြက်သားတုံးများကို အခြားတစ်ဖက်သို့လှန်ကာ ဆက်ကြော်ပေးရပါမယ်။

၄။ ကြက်သားများ အညိုရောင် ပြောင်းသွားပါက ဒယ်အိုးရဲ့တစ်ဖက်မှာ စုထားပေးလိုက်ပါ။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်နီတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ရေနွေးပူ ၅၀၀ မီလီလီတာခန့်ကို ကြက်သားများ မြှုပ်သွားသည်အထိ ထည့်ပေးလိုက်ပါ။ မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် တည်ထားရပါမယ်။ ၁၀ မိနစ်ပြည့်ပါက ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်နှင့် ဆား တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၅။ ထို့နောက် သစ်အယ်သီးများထည့်ပြီး ထိုအသီးများ ကျက်သွားသည်အထိ ဆက်တည်ထားပေးပါ။ အသီးလည်း ကျက်သွားပြီး အိုးထဲက ဟင်းရည်ကလည်း ပျစ်သွားပြီဆိုရင်တော့ နှမ်းဆီထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါ မီးဖိုပေါ်ကချပြီး ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်ပါ။ စားခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သစ်အယ်သီး ကြက်သားရောကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com