ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် နူးနူးအိအိလေးနဲ့ စားလို့ကောင်းတဲ့ ဝက်သုံးထပ်သား အချိုချက် ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၅၀၀ ဂရမ်
  • ကြက်သွန်မြိတ် ၂ ပင်
  • တစ်လက်မပတ်လည် ဂျင်းတုံး နှစ်တုံး
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နာနတ်ပွင့် ၁ ပွင့်
  • ရေ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားတုံးများကို အတုံး ခပ်ကြီးကြီး တုံးထားပါ။ ဒန်အိုးတစ်လုံးထဲသို့ ရေ တစ်ဝက်ထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ပါ။ ထို့နောက် ဝက်သား၊ ဂျင်း တစ်တုံး (ပါးပါးလှီးထားသော)၊ ကြက်သွန်မြိတ် ၁ ပင် (၂ လက်မအရှည် ဖြတ်ထားပါ) တို့ကို အိုးထဲထည့်ကာ ၅ မိနစ်ခန့် ပြုတ်ပါ။

၂။ ငါးမိနစ်ပြည့်ပါက ဝက်သားတုံးများကို ရေဘုံဘိုင်အောက်တွင် ဆေးကြောပြီးနောက် သန့်စင်သော အဝတ်စဖြင့် ရေခြောက်အောင် သုတ်ပါ။

စောစောက ဝက်သားပြုတ်ရည်ကို ရေစစ်ဖြင့် စစ်ယူပြီးနောက် ပန်းကန်လုံးအကြီးထဲ ပြောင်းထည့်ပါ။

၃။ အိုးမတူးသောဒယ်အိုးကို အပူပေးပြီး ဆီ၊ သကြားတို့ထည့်ပါ။ သကြားက ပယင်းရောင် ပြောင်းသွားတဲ့အခါ ဝက်သားတုံးများ ထည့်ကာ တစ်ခြမ်းစီကို ၂ မိနစ်ခန့်ကြော်ပါ။

၄။ ဝက်သား၊ ပဲငံပြာရည်၊ ဂျင်း တစ်တုံး၊ ကြက်သွန်မြိတ် ၁ ပင်၊ ဝိုင်၊ နာနတ်ပွင့်နှင့် ဝက်သားပြုတ်ရည်တို့ကို ဒန်အိုးထဲထည့်ပါ။

၅။ ထို့နောက် မီးအေးအေးဖြင့် အိုးအဖုံးအုပ်ကာ ဝက်သားတုံးများကို ၁ နာရီခွဲခန့် (သို့) ဝက်သားများ နူးအိသွားသည်အထိ တည်ထားပါ။ အရည်များ ခမ်းစပြုလာတဲ့အခါ အဖုံးဖွင့်ပြီး မီးအပူချိန် အနည်းငယ်တိုးကာ ဟင်းရည်များ ပျစ်သွားသည်အထိ မွှေပေးလိုက်ပါ။

၆။ ဟင်းရည်ခမ်းသွားတဲ့အခါမှာတော့ ဝက်သားများကို ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပါ။ ကြက်သွန်မြိတ်ဖြင့် အလှဆင်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သုံးထပ်သား အချိုချက်ဟင်းတစ်ခွက် ရရှိသွားပါပြီ။

Source: Tasteasianfood.com