ငါးစားခြင်းက ဉာဏ်ကောင်းစေတယ်လို့ ရှေးလူကြီးသူမတွေ ပြောတာကို ကြားဖူးနားဝရှိကြပါလိမ့်မယ်။ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ငါးဟင်းကို ဒီတစ်ခါမှာတော့ စပ်စပ်လေး ချက်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ငါးဝက်မ (သို့) ကကတစ် (သို့) မိမိနှစ်သက်ရာ ငါးတစ်မျိုးမျိုး
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ပွအစိမ်း တစ်လုံးနှင့် အနီတစ်လုံး
  • ဂျင်း တစ်တုံး

  • ကြက်သွန်ဖြူ ၂ မြွှာ
  • ကြက်သွန်မြိတ် ၁ ပင်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးကို အကြေးခွံခွာပြီး သန့်စင်အောင် ဆေးကြောထားပါ။ ထို့နောက် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းဖြင့် ၁၀ မိနစ်ခန့် သိပ်ထားလိုက်ပါ။

၂။ ငရုတ်ပွများ၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းချက်ဆီ စားပွဲတင်ဇွန်းတစ်ဝက်ထည့်ပါ။ ဆီပူလာပါက ငါးထည့်ပြီး ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။ ငါး နှစ်ဖက်ခြမ်းစလုံး ကြော်ပြီးပါက ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။

၄။ ကျန်ရှိတဲ့ ဆီ စားပွဲတင်ဇွန်းတစ်ဝက်ကို ဒယ်အိုးထဲထည့်ထားပါ။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ငရုတ်နှစ်ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၅။ ဆီက ငရုတ်နှစ်ကြောင့် နီရဲသွားတဲ့အခါ စောစောကကြော်ထားသော ငါးကို ဒယ်အိုးထဲပြန်ထည့်လိုက်ပါ။ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီးနောက် ငရုတ်ပွများထည့်ကာ သမအောင် မွှေလိုက်ပါ။ ထို့နောက် ဒယ်အိုးအဖုံးပိတ်ထားပြီး ၂ မိနစ်ခန့် တည်ထားပါ။ ၂ မိနစ်ပြည့်ပါက ငါးကို တစ်ဖက်သို့လှန်ပြီး နောက်ထပ် ၂ မိနစ် ထပ်ချက်ပေးရပါမယ်။

၆။ ထိုအဆင့်များအားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ငါးဟင်းစပ်စပ်လေး ရရှိသွားပါပြီ။ ပန်းကန်ပြားထဲပြောင်းထည့်ကာ ကြက်သွန်မြိတ်လေး ဖြူးထည့်ပြီး ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com