အားလုံးပဲ မင်္ဂလာပါ။ ဂျင်းဆိုတာက ဘယ်အိမ်မှာလိုက်ကြည့်လိုက်ကြည့် မီးဖိုချောင်တိုင်းမှာ မရှိမဖြစ်ရှိတတ်တဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးအလွန်များတဲ့ အစွမ်းသတ္တိတွေ ပါဝင်နေတဲ့ အစားအစာတစ်ခုဆိုလည်း မမှားပါဘူး။

ဒီလို ဘက်ပေါင်းစုံကကောင်းမွန်တဲ့ ဂျင်းကို ဟင်းတွေချက်တဲ့အခါ ထည့်သွင်းစားသုံးလေ့ရှိသလို အသုပ်အနေနဲ့လည်း တစ်ခါတစ်လေ သုပ်ပြီးစားတတ်ကြပါတယ်။

ပုံမှန်အချိန်တွေမှာဆိုရင် သရေစာအနေနဲ့ စားကြသလို ဥပုသ်စောင့်တဲ့ရက်တွေမှာဆိုရင်လည်း စားသုံးကြပါတယ်။ ဒါဆိုရင်တော့ ဒီလိုအရသာရှိတဲ့ ဆေးဖက်ဝင် ဂျင်းသုပ်ကို အိမ်မှာဘယ်လိုသုပ်စားကြမလဲဆိုတာ အခုပဲဆက်ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ

  • ဂျင်း – ၁၂၅ ဂရမ် (၄ အောင်စ)
  • သံပုရာရည် – စားပွဲတင်ဇွန်း ၄-၆ ဇွန်း
  • မြေပဲဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း

  • နှမ်းဆီ – ၁ ဇွန်း
  • ကြက်သွန်ဖြူ (လှီးပြီးသား) – ၁၂ မြွှာ
  • နှမ်းစေ့ – စားပွဲတင်ဇွန်း ၂-၃ ဇွန်း
  • ဆား

ပြင်ဆင်ပုံအဆင့်ဆင့်

၁။ ဂျင်းအခွံခွာလိုက်ပြီး ပါးပါးတွေဖြစ်အောင် အရင်လှီးပြီး အမျှင်လေးတွေဖြစ်အောင် ထပ်လှီးပေးပါ။

၂။ ရလာတဲ့ဂျင်းဖတ်တွေကို သံပုရာရည်ထဲမှာ တစ်နာရီလောက်စိမ်းထားပေးပါ။ ဂျင်းဖတ်တွေ ပန်းရောင်သမ်းလာပါလိမ့်မယ်။

၃။ မြေပဲဆီနဲ့ နှမ်းဆီတို့ကို ဒယ်အိုးတစ်ခုထဲထည့်ပြီး အပူပေးကာ လှီးထားပြီးသား ကြက်သွန်ဖြူတွေကို ရွှေရောင်သမ်းတဲ့အထိ ဖြည်းဖြည်းချင်းကြော်ပေးပါ။

၄။ ရွှေညိုရောင်သမ်းပြီဆိုတာနဲ့ မီးဖိုပေါ်မှ ချက်ချင်းချလိုက်ကာ ဆီစစ်ပြီး ကြွပ်ကြွပ်လေးဖြစ်အောင် အအေးခံထားလိုက်ပါ။

၅။ ခြောက်တဲ့ဒယ်အိုးထဲမှာ နှမ်းစေ့တွေကိုထည့်ပြီး ရွှေညိုရောင်သမ်းလာတဲ့အထိ မီးအေးအေးမှာ လှော်ပေးပါ။ အရောင်ပြောင်းပြီဆိုတာနဲ့ ပန်းကန်ပေါ်ချက်ချင်းပြောင်းထည့်လိုက်ကာ အအေးခံပါ။

၆။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုပါက ဂျင်းဖတ်တွေကို သံပုရာရည်ထဲမှ ဆယ်လိုက်ကာ ပန်းကန်လုံးတစ်ခုထဲထည့်လိုက်ပါ။ ဆားထည့်၊ ကြက်သွန်ဖြူကြော်၊ နှမ်းစေ့တို့ထည့်ကာ ဆီလေးနည်းနည်းဆမ်းပေးပြီး အသာလေးနယ်ပေးပါ။

ပြီးရင်တော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Featured Image Source: mmbiztoday.com