အားလုံးပဲ မင်္ဂလာပါ။ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်သားကို ဒီတစ်ခါမှာတော့ ထောပတ်ဆော့စ်နဲ့ အရသာရှိအောင် ဘယ်လိုရောနှော ချက်ပြုတ်နိုင်မလဲဆိုတာကို MyFood Myanmar ရဲ့အစားအစာချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
- Panko ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်း
- ကြက်သား ၁ ပေါင်ခွဲ (နုပ်နုပ်စဉ်းထားပါ)
- ကြက်ဥ ၁ လုံး
- မဆလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း (ပါးပါးလှီးဖြတ်ထားပါ)
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ထောပတ်ဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ
- ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
- ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
- ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
- မဆလာ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
- Heavy ခရင်မ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
- နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံး တစ်လုံးထဲတွင် ကြက်သွန်နီနှင့် ပေါင်မုန့်အကြေအစများကို သမအောင် ရောမွှေထားပါ။ ၃ မိနစ်ခန့် နှပ်ထားပါ။
ထို့နောက် ထိုပန်းကန်လုံးထဲသို့ ကြက်သား၊ ကြက်ဥ၊ မဆလာ၊ နံနံပင်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်လိုက်ပါ။
၂။ သမအောင် နယ်ပြီးရင်တော့ ကြက်သားလုံးများဖြစ်သွားအောင် လုံးလိုက်ပါ။ လက်ကို မကပ်စေးစေဖို့ရန်အတွက် လက်ဖဝါးကို ရေအနည်းငယ် ဆွတ်ပြီးမှ လုံးရပါမယ်။
၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားလုံးများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်လိုက်ပါ။
ကြက်သားလုံးများ အညိုရောင် ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။
၄။ နောက်တစ်ဆင့်အနေနဲ့ ထောပတ်ဆော့စ် ကျိုရပါမယ်။
ဒယ်အိုးထဲသို့ ထောပတ်ထည့်ပါ။ ထောပတ်အရည်ပျော်သွားပါက ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ခရမ်းချဉ်သီးအနှစ်၊ မဆလာ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် ကြက်ပြုတ်ရည်တို့ထည့်ပါ။ သမအောင် မွှေပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။
၁၀ မိနစ်ခန့် တည်ပြီးတဲ့နောက်မှာတော့ Heavy ခရင်မ်ထည့်မွှေလိုက်ပါ။
၅။ ထောပတ်ဆော့စ်က ပျစ်သွားပြီဆိုရင်တော့ ကြက်သားလုံးကြော်များထည့်ကာ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။
မီးဖိုပေါ်ကချခါနီးမှာတော့ နံနံပင်များ ဖြူးထည့်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ် ကြက်သားလုံးဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။
Source: Jocooks.com