အားလုံးပဲ မင်္ဂလာပါ။ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်သားကို ဒီတစ်ခါမှာတော့ ထောပတ်ဆော့စ်နဲ့ အရသာရှိအောင် ဘယ်လိုရောနှော ချက်ပြုတ်နိုင်မလဲဆိုတာကို MyFood Myanmar ရဲ့အစားအစာချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • Panko ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သား ၁ ပေါင်ခွဲ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၁ လုံး
  • မဆလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း (ပါးပါးလှီးဖြတ်ထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ထောပတ်ဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • မဆလာ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • Heavy ခရင်မ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး တစ်လုံးထဲတွင် ကြက်သွန်နီနှင့် ပေါင်မုန့်အကြေအစများကို သမအောင် ရောမွှေထားပါ။ ၃ မိနစ်ခန့် နှပ်ထားပါ။

ထို့နောက် ထိုပန်းကန်လုံးထဲသို့ ကြက်သား၊ ကြက်ဥ၊ မဆလာ၊ နံနံပင်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

၂။ သမအောင် နယ်ပြီးရင်တော့ ကြက်သားလုံးများဖြစ်သွားအောင် လုံးလိုက်ပါ။ လက်ကို မကပ်စေးစေဖို့ရန်အတွက် လက်ဖဝါးကို ရေအနည်းငယ် ဆွတ်ပြီးမှ လုံးရပါမယ်။

၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားလုံးများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်လိုက်ပါ။

ကြက်သားလုံးများ အညိုရောင် ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ထောပတ်ဆော့စ် ကျိုရပါမယ်။

ဒယ်အိုးထဲသို့ ထောပတ်ထည့်ပါ။ ထောပတ်အရည်ပျော်သွားပါက ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ခရမ်းချဉ်သီးအနှစ်၊ မဆလာ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် ကြက်ပြုတ်ရည်တို့ထည့်ပါ။ သမအောင် မွှေပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၁၀ မိနစ်ခန့် တည်ပြီးတဲ့နောက်မှာတော့ Heavy ခရင်မ်ထည့်မွှေလိုက်ပါ။

၅။ ထောပတ်ဆော့စ်က ပျစ်သွားပြီဆိုရင်တော့ ကြက်သားလုံးကြော်များထည့်ကာ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

မီးဖိုပေါ်ကချခါနီးမှာတော့ နံနံပင်များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ် ကြက်သားလုံးဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Jocooks.com