အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်း ချက်နည်း အမျိုးမျိုးရှိတဲ့အနက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ချက်နည်းကတော့ ထောပတ်ကြက်သားဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

• ကြက်သား ၂၅၀ ဂရမ် (အနေတော်အတုံးငယ်များ တုံးထားပါ)
• နွားနို့ ၂၅၀ မီလီလီတာ
• နို့ဆီ ၆၀ မီလီလီတာ
• ပျဉ်းတော်သိမ်ရွက် ၂ ခက်ခန့်
• ငရုတ်သီးတောင့် ၂ တောင့် (ပါးပါးလှီးထားပါ)

• ပြောင်းမှုန့် စားပွဲတင်ဇွန်း ၉ ဇွန်းနှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
• ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
• ကြက်ဥ ၁ လုံး
• ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
• ရေ၊ ဟင်းသီးဟင်းရွက်ဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံတစ်လုံးထဲမှာ ကြက်သားတုံးများကို ဆား စားပွဲတင်ဇွန်း တစ်ဝက်၊ ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ပြီး သမအောင် နယ်လိုက်ပါ။ အသားထဲစိမ့်ဝင်သွားဖို့ရန်အတွက် ၁ နာရီခန့် ဒီအတိုင်း ထားထားလိုက်ပါ။

၂။ ၁ နာရီပြည့်တဲ့အခါမှာတော့ ကြက်ဥဖောက်ထည့်ပြီး သမအောင် ထပ်နယ်ပေးလိုက်ပါ။

၃။ ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေထားလိုက်ပါ။

၄။ ကြက်သားတုံးများကို ထိုအမှုန့်များဖြင့် ကပ်ပေးလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ကြက်သားတုံးများကို ၄ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ ကြက်သားတုံးများ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ထဲ ခပ်ထည့်ထားလိုက်ပါ။

၆။ အခြားဒယ်အိုးသစ်တစ်လုံးကို အပူပေးပြီး ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်လိုက်ပါ။ ထောပတ်အရည်ပျော်သွားပါက ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်လိုက်ပါ။

၇။ ထို့နောက် ဒယ်အိုးထဲသို့ ပျဉ်းတော်သိမ်အရွက်ထည့်ပါ။ ပြီးရင် နွားနို့ ၂၅၀ မီလီလီတာနှင့် နို့ဆီ ၆၀ မီလီလီတာတို့ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၈။ ပန်းကန်လုံးအသေးတစ်လုံးထဲမှာ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင် မွှေပြီးနောက် ဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။ နွားနို့အရည်တို့ကို ပျစ်လာသည်အထိ အဆက်မပြတ်မွှေပေးလိုက်ပါ။ နို့အရည်က ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

၉။ နောက်ဆုံးအဆင့်အနေနဲ့ ကြက်သားကြော်များကို နို့အနှစ်ထဲ ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အနံ့လေးမွှေးပြီး အရသာရှိတဲ့ ထောပတ်ကြက်သားဟင်းလေး ရရှိသွားပါပြီ။ ထမင်းနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Asianfoodchannel.com