ပဲကြာဇံဆိုရင်တော့ တော်တော်များများက သုပ်စားကြတာများပါတယ်။ ဒါကြောင့် ပဲကြာဇံကိုသုပ်မစားပဲ အရသာရှိအောင် ဘယ်လိုကြော်စားရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။ အသီးအရွက်တွေ၊ ကြက်သားတွေနဲ့ ကြော်မှာဖြစ်တဲ့အတွက် အရသာကတော့ ထူးကဲကောင်းမွန်နေမှာ သေချာပါတယ်။

ပဲကြာဇံကြော်ဖို့အတွက် ပဲကြာဇံကို နူးသွားအောင် ရေနွေးနဲ့ ၅ မိနစ်လောက် ပြုတ်ပေးပါ။

ကြက်ရင်အုံသားကို ပန်းကန်လုံးထဲထည့်ပြီး သင်ကြိုက်နှစ်သက်ရာဆော့စ် – ခွက်တစ်ဝက်စာကိုထည့်နယ်ပါ။ ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပြီး နယ်ထားတဲ့ကြက်သားတွေကို ထည့်ကြော်ပါ။ ကြော်ပြီးတာနဲ့ တစ်လက်မအတုံးလေးတွေ တုံးပေးပါ။

နောက်ထပ်ပန်းကန်လုံးထဲကို ပဲငံပြာရည် – စားပွဲတင်ဇွန်း ၄ ဇွန်းနဲ့ သကြား – စားပွဲတင်ဇွန်း ၂ ဇွန်းခွဲထည့်ပြီး မွှေပါ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲစာထည့်ပြီး နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – နှစ်တက်ထည့်ကြော်ပါ။ လှီးထားတဲ့ ကြက်သွန်နီ အလုံးသေး – တစ်လုံးကိုလည်း ထည့်ကြော်ပါ။ လှီးထားတဲ့ မှို – အနည်းငယ်ကိုလည်း ထည့်ကြော်ပါ။ ကော်ဖီထုပ် – တစ်စိတ်ကိုလည်း ပါးပါးလှီးပြီး ထည့်ကြော်ပါ။ မုန်လာဥနီ အသေး – တစ်လုံးကိုလည်း ပါးပါးလှီးပြီး ထည့်ကြော်ပါ။

ကြော်ပြီး ၂ မိနစ်လောက်နေရင်တော့ ကြက်သွန်မြိတ်ကို ထည့်လို့ရပါတယ်။ ပြီးရင်တော့ ပဲငံပြာရည်နဲ့ သကြားနဲ့ရောထားတာကို ထည့်ပေးပါ။ ပဲကြာဇံတွေကိုလည်း ထည့်ကြော်ပေးပါ။ နှမ်းဆီ – စားပွဲတင်ဇွန်းတစ်ဝက်နဲ့ ဆား – အနည်းငယ်ကိုထည့်ပြီး သမအောင်နယ်ကာ ကြော်ပေးပါ။

ကြော်ပြီးသွားရင်တော့ ပန်းကန်ထဲထည့်ပြီး လှီးထားတဲ့ ကြက်သားတွေကို အပေါ်ကနေတင်ပြီး ကြက်သွန်မြိတ်နဲ့ နှမ်းတွေဖြူးကာ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲကြာဇံကြော်ကို ရရှိသွားပါပြီ။

Photo Source: www.yummyph.com