ကျန်းမာရေးအတွက် သင့်လျော်ပြီး ခန္ဓာကိုယ်ထိန်းသိမ်းနေရသောသူများအတွက် အဆင်ပြေစေသော အစားအစာလေးပါ။ လုပ်စားကြည့်လိုက်နော် . . . ။
ပါဝင်ပစ္စည်း (၁ ယောက်စာ)
တော်တီလာစ်ပြား – ၁ ချပ် (စားခါနီး မီးအပူပေးပါ)
သံလွင်ဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်ရင်ပုံသား – ၂၅ဝ ဂရမ် (အသားတုံး အလယ်ကနေ ထပ်ခြမ်း ခြမ်းထားပါ)
Chunky Salsa – စားပွဲဇွန်း ၂ ဇွန်း (အသင့်စား ပုလင်း)
ထောပတ်သီး – တစ်ခြမ်း (အသားများထုတ်ပြီး ပါးပါးလှီးထားပါ)
ဆလတ်ရွက် – ၂ ရွက် (ခပ်ပါးပါး လှီးထားပါ)
ပြုလုပ်နည်း
အကင်အိုး (သို့) သံအထူဒယ်အိုးကို မီးပြင်းပြင်းဖြင့် အပူပေးပါ။
ကြက်သားကို ဆီဖြင့် နှံ့အောင်သုတ်ပြီး တစ်ဖက်ကို ၅-၇ မိနစ်လောက် တင်ပြီးကင်ပါ။ ဟိုဘက်ဒီဘက်လှန်ပေးပါ။
မီးဖိုပေါ်မှချပြီး အနည်းငယ်အအေးခံပါ။ ပြီးလျှင် ခပ်ပါးပါး ရှည်ရှည်အတုံးလေးတွေလှီး ထားပါ။ တော်တီလာစ်ပြားကို အပူပေးပါ။ ပြီးလျှင် Chunky Salsa များ အသေအချာ ဖြန့်တင်ပါ။
ပြီးလျှင် ပါးပါးလှီးထားသော ဆလတ်ရွက်၊ ထောပတ်သီးနှင့် ကြက်သားတုံးများတင်ပါ။
ပြီးလျှင် သေချာလိပ်ပါ။ အလယ်မှ တစ်စောင်းလေးပိုင်းပြီး ချက်ချင်းသုံးဆောင်ပါ။