ကလေး လူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ ချိစ်ပြောင်းဖူးကြော်လေးက ဘာဘီကျူးအကင် ကင်စားတဲ့အခါ အရံအစားအစာအနေနဲ့ တွဲဖက်စားသောက်နိုင်ပါတယ်။ ကိုရီးယားမှာဆိုရင်တော့ ဆိုဂျူသောက်တဲ့အခါ အမြည်းအနေနဲ့လည်း စားသောက်လေ့ရှိကြပါတယ်။

စာဖတ်သူတို့အနေနဲ့လည်း မိမိအိမ်မှာ ပါတီပွဲကျင်းပတဲ့အခါ ပါတီအစားအစာတစ်ခုအဖြစ် ထည့်သွင်းစားသောက်နိုင်အောင်လို့ ချိစ်ပြောင်းဖူးကြော် ကြော်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူး ၁၅ အောင်စ
  • မိရောနိစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

  • ကြက်သွန်နီ တစ်ဥ၏ ၄ ပုံ ၁ ပုံ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးတောင့် ၁ တောင့် (နုပ်နုပ်စဉ်းထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • Mozzarella ချိစ် ၅၀ ဂရမ် (အချောင်းလိုက် လှီးဖြတ်ထားပါ)

ပြုုလုပ်နည်း အဆင့်ဆင့်

၁။ ပြောင်းဖူး၊ ကြက်သွန်နီ၊ ငရုတ်သီး၊ မိရောနိစ်၊ သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို ပန်းကန်လုံးတစ်လုံးထဲတွင်ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ် အရည်ပျော်သွားပါက စောစောကနယ်ထားသော ပြောင်းဖူးအရောအနှောတို့ကို ဒယ်အိုးထဲထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ထို့နောက် Mozzarella ချိစ်များကို ပြောင်းဖူးပေါ်တွင် အညီအမျှ ဖြန့်ထည့်ထားလိုက်ပါ။ ထို့နောက် အိုးအဖုံးပိတ်ကာ မီးအေးအေးဖြင့် ချိစ်များ အရည်ပျော်သွားသည်အထိ တည်ထားလိုက်ပါ။

သို့မဟုတ် Oven ထဲ ထည့်ထားချင်တယ်ဆိုရင်တော့ ချိစ်များ တင်ပြီးတာနဲ့ Oven ထဲတွင် မီးပြင်းပြင်းဖြင့် ၂ မိနစ်၊ ၃ မိနစ်ခန့် ထည့်ထားပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ချိစ် ပြောင်းဖူးကြော်လေး ရရှိသွားပါပြီ။

စာဖတ်သူအနေနဲ့ အခြားသော ပါဝင်ပစ္စည်းများ ထပ်ထည့်ချင်တယ်ဆိုရင်တော့ ဂဏန်းချောင်း (သို့) ပုစွန်၊ ဝက်ပေါင်ခြောက်၊ ငရုတ်ပွ စတဲ့ အစားအစာတွေ ထပ်ထည့်ပြီး မိမိစိတ်ကြိုက် တီထွင်ဖန်တီး စားသောက်နိုင်ပါသေးတယ်။

Source: Seonkyounglongest.com