တစ်နေ့ တစ်နေ့ မနက်စာကို ဘာစားရမလဲ စဉ်းစားနေရလို့ ခေါင်းရှုပ်နေပြီလား။ ဒါဆိုရင်တော့ ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့ လွယ်လွယ်ကူကူပြင်ဆင်နိုင်မယ့် ထောပတ် ကြက်ဥပေါင်မုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Browneyedbaker.com

  • ပေါင်မုန့်ချပ် ၄ ချပ်
  • ကြက်ဥ ၄ လုံး
  • ထောပတ်အနည်းငယ်

Source: Tasteofhome.com

  • ဝက်ပေါင်ခြောက် ၄ ပြား
  • အချောင်းလိုက်လှီးဖြတ်ထားသော ချိစ်အနည်းငယ်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမုန့်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပထမဦးဆုံး Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ကြိုတင်အပူပေးထားပါ။

ကြက်ဥထည့်ဖို့အတွက် တွင်းတစ်ခုအရင်ပြုလုပ်ရပါမယ်။ ပေါင်မုန့်အလယ်ဗဟိုတည့်တည့်ကို ဇွန်းနဲ့အသာအယာဖိချလိုက်ပါ။

ချိုင့်နေတဲ့တွင်းရဲ့ ဘေးနားတစ်ဝိုက်ကို ထောပတ်သုတ်လိမ်းပေးလိုက်ပါ။

ထောပတ်သုတ်လိမ်းပြီးသွားရင်တော့ ဝက်ပေါင်ခြောက်လေးတွေကို လှီးဖြတ်လိုက်ပြီး ပေါင်မုန့်တွင်းထဲ အစီအရီထည့်ထားပါ။

ထို့နောက် ကြက်ဥတစ်လုံးကို ထိုပေါင်မုန့်တွင်းထဲသို့ ဖောက်ထည့်လိုက်ပါ။ ဆားနဲ့ ငရုတ်ကောင်းပါ တစ်ခါတည်းဖြူးထည့်လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ အချောင်းလိုက်လှီးထားသော ချိစ်များကို ကြက်ဥဘေးနားမှာ ထည့်ပေးလိုက်ပါ။ ဝက်ပေါင်ခြောက်များပိုလျှံနေပါက ကြက်ဥအပေါ်ကနေ ထပ်ထည့်ပေးလိုက်ပါ။ မပိုတော့လို့ မထည့်ရင်လည်း ရပါတယ်။ ထို့နောက် မီးကင်မယ့် လင်ဗန်းထဲထည့်ပြီး Oven ထဲမှာ မိနစ် ၂၀ ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်သွားပြီဆိုရင်တော့ အခုလိုပဲ စားချင်စဖွယ်အပြည့်ရှိတဲ့ ကြက်ဥ ထောပတ်ပေါင်မုန့်လေးကို မနက်စာအဖြစ် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။ နွားနို့နဲ့ပဲ တွဲစားမလား။ ဒါမှမဟုတ်ရင်လည်း ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

ဒါဆိုရင်တော့ အာဟာရပြည့်ဝတဲ့မနက်စာဖြစ်ဖို့ ဘာတွေစားသုံးရမလဲဆိုတာကို ခေါင်းရှုပ်ခံစဉ်းစားစရာမလိုတော့ဘူးပေါ့။

Source: Kitchenbowl.com