အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ဂျပန်ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ကြက်သား ကြက်ဥအုပ်ထမင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သား ၂၀၀ ဂရမ် (အတုံးသေးသေး တုံးထားပါ)
  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးမှုန့် အနည်းငယ် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ သကြားနှင့် ပဲငံပြာရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးအသေးကို အပူပေးပြီးနောက် ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။

၃။ ထို့နောက် ကြက်သား တစ်ဝက် ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် စောစောက ကြက်ပြုတ်ရည်အရောအနှောများကို တစ်ဝက်ခန့်ထည့်ကာ ၁ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ မွှေခလောက်ထားသော ကြက်ဥ တစ်ဝက်ခန့် လောင်းထည့်လိုက်ပါ။ အိုးအဖုံး အုပ်ထားပြီး ၂ မိနစ်ခန့် တည်ပါ။ ကြက်ဥကို ၁၀၀ ရာခိုင်နှုန်း ကျက်တဲ့အထိ မချက်ဘဲ ကျက်တယ်ဆိုရုံလောက်သာ ချက်ရပါမယ်။

၅။ ကြက်ဥ မကျက်တကျက် ဖြစ်သွားပြီဆိုရင်တော့ ထိုကြက်ဥကြော်ရဲ့ အနားသားများကို ဇွန်းဖြင့် အသာအယာ ခွာပြီးနောက် ထမင်းပန်းကန်လုံးထဲ ဖြည်းညှင်းစွာ လျောထည့်လိုက်ပါ။

ဒါဆိုရင်တော့ ကြက်သား ကြက်ဥအုပ်ထမင်း တစ်ယောက်စာ ရရှိသွားပါပြီ။ ကျန်ရှိနေတဲ့ ပါဝင်ပစ္စည်းများနဲ့ အထက်ဖော်ပြပါနည်းအတိုင်း ချက်ပြုတ်ပေးပါက နောက်ထပ် တစ်ယောက်စာ ရရှိသွားပါလိမ့်မယ်။

ရရှိလာတဲ့ ကြက်ဥကြော်ပေါ် ကြက်သွန်မြိတ်အနည်းငယ်နှင့် ငရုတ်သီးမှုန့်အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဂျပန်စတိုင်လ် ကြက်သား ကြက်ဥအုပ်ထမင်းကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Marionskitchen.com