ကြက်စွပ်ပြုတ်ဆိုရင် ဒီတိုင်းကြက်သားတစ်မျိုးထဲနဲ့ပဲ လုပ်သောက်ကြတာများပါတယ်။ ဒီတစ်ခါမှာတော့ အာဟာရပြည့်ဝပြီးအရသာရှိတဲ့ ကြက်သားနဲ့အာလူးစွပ်ပြုတ် လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ အာဟာရရှိအောင်လုပ်တဲ့ စွပ်ပြုတ်ဖြစ်လို့ ကြက်သား၊ အာလူးနဲ့ ခရမ်းချဉ်သီးကို အဓိကသုံးထားပါတယ်။

ကြက်သားကတော့ စွပ်ပြုတ်လုပ်မှာဆိုတော့ ကြက်ပေါင်ဆိုရင် ပိုကောင်းပါတယ်။ ဒီမှာတော့ ကြက်ပေါင်ကို ၁၃ တုံးလောက် သုံးထားပါတယ်။ ကြက်ပေါင်တွေကို ပန်းကန်ထဲထည့်ပြီး ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲစာ ထည့်နယ်ပါ။

မီးဖိုပေါ်အိုးတင်ပြီး အိုးထဲကို ရေ – ၄ ခွက်ထည့်ပါ။ ကြက်သွန်နီအကြီး – တစ်ဝက်ကို လှီးပြီး ထည့်ပါ။ နံနံပင်ကို အရွက်မထည့်ပဲ အရိုးပဲထည့်ပါမယ်။ ၆ ရိုးလောက်ထည့်ပေးပါ။ ကြက်သွန်ဖြူ – ၄ တက်နဲ့ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၁ ဇွန်းကိုပါ ထည့်ပြီး တည်ထားပါ။

ပွက်ပွက်ဆူလာပြီဆိုရင်တော့ နယ်ထားတဲ့ ကြက်ပေါင်တွေကို ထည့်ပါမယ်။ ၁၅ မိနစ်တည်ထားပြီးရင် အပေါ်မှာ အဆီတွေဝှေ့နေတာတွေ့ရမှာပါ။ အဆီတွေကို ဇကာနဲ့ပဲဖြစ်ဖြစ် ဖယ်ထုတ်ပေးပါ။

အလယ်အလတ်အရွယ်အစားရှိတဲ့ အာလူး – ၂ လုံးကို တစ်လက်မလောက်အတုံးတွေလှီးထားပါ။ ကြက်သားနူးပြီဆိုရင်  အာလူးတွေထည့်ပြီး ထပ်တည်ပါမယ်။ ပြီးတာနဲ့ အရသာမြည်းကြည့်ပြီး ဆားနည်းနည်းထည့်ပါမယ်။

ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခရမ်းချဉ်သီး – ၂ လုံးကို လှီးပြီးထည့်ပါမယ်။

အဖြူရောင်ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပါမယ်။ ခဏနေရင် နံနံပင်ကို ကိုယ်ထည့်ချင်သလောက် လှီးထည့်ပြီး တည်ထားလိုက်ပါ။

ခဏလောက်ပဲတည်ထားပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီးစားလို့ရပါပြီ။ ဒါဆိုရင်တော့ အာဟာရပြည့်ဝတဲ့ ကြက်သားနဲ့အာလူးစွပ်ပြုတ်ကို ရရှိသွားပါပြီ။

Source: www.pailin’skitchen.com