ကြက်သားကို ကြွပ်နေအောင် ကြော်ပြီးမှ မှိုဆော့စ်နဲ့ နောက်တစ်ကြိမ် ပြန်ကြော်ထားတဲ့ မှို ကြက်သားနှစ်ပြန်ကြော်ဟင်းလျာ ပြုလုပ်နည်းကို MyFood Myanmar ရဲ့ဟင်းချက်ဝါသနာပါသူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • မှို ၈ အောင်စ (ပါးပါးလှီးထားပါ)

  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၀ ဇွန်းခန့် နှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • Heavy Cream စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • အနံ့မွှေးရန်အတွက် ပျဉ်းတော်သိမ်နှင့် နံနံပင် အနည်းငယ် (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ရင်အုံသားကို အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းလိုက်ပါ။ ထို့နောက် ပလပ်စတစ်အိတ်ထဲ ထည့်ကာ အလေးတုံးဖြင့် ပြားနေအောင် ထုလိုက်ပါ။

၂။ အလုံပိတ်အိတ်ထဲသို့ ဂျုံမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ကြက်သားပြားများထည့်ကာ သမအောင် ထပ်မံလှုပ်ခါပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီနှင့် ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ ထည့်ပါ။ ထို့နောက် ဂျုံဖြင့် ကပ်ထားသော ကြက်သားတုံးများထည့်ပါ။

၄။ ကြက်သားတုံးများက ရွှေညိုရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ ရွှေညိုရောင်ပြောင်းသွားသည်အထိ ဆက်ကြော်ပေးလိုက်ပါ။ စုစုပေါင်း ၅ မိနစ်၊ ၆ မိနစ်ခန့် ကြာပါလိမ့်မယ်။ ရရှိလာတဲ့ ကြက်သားကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၅။ ဒယ်အိုးထဲသို့ ကျန်ရှိနေတဲ့ ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ မှို ထည့်ပြီးနောက် ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၆။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဆားတို့ထည့်ပြီး သမအောင် မွှေကြော်လိုက်ပါ။

၇။ တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြာတဲ့အခါမှာတော့ ကြက်ပြုတ်ရည်၊ ဝိုင်၊ Heavy Cream ၊ ပျဉ်းတော်သိမ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ထည့်ကာ ဟင်းရည် ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။

၈။ (၁၀) မိနစ်၊ (၁၅) မိနစ်ခန့် တည်ပြီးတဲ့နောက်မှာတော့ ဟင်းရည်က ခပ်ပျစ်ပျစ်လေးဖြစ်သွားပါလိမ့်မယ်။ ထိုအခါ မီးအပူချိန်ကို လျော့ပြီး ကြက်သားကြော်များ အိုးထဲ ပြန်ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။

မီးဖိုပေါ်က ချခါနီးမှာတော့ နံနံပင်များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာ အင်မတန်ထူးကဲကောင်းမွန်တဲ့ မှို ကြက်သားနှစ်ပြန်ကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Onceuponachef.com