အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အရသာလည်းရှိ အာဟာရလည်း ပြည့်ဝစေတဲ့ ကြက်သားလုံး စွပ်ပြုတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နုပ်နုပ်စဉ်းထားသော ကြက်သား ၁ ပေါင်
  • ကြက်ဥ ၁ လုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် Parmesan ချိစ် စားပွဲတင်ဇွန်း ၄ ဇွန်း

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • မုန်လာဥနီ ၂ လုံး (ပါးပါးလှီးထားပါ) နှင့် တရုတ်နံနံ ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်ပြုတ်ရည် ၂ လီတာ
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီစုပ်စက္ကူ ခံထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်သား၊ ချိစ်၊ ပေါင်မုန့်အကြေအစများ၊ နံနံပင်၊ ကြက်ဥ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ကြက်သားလုံးလေးများဖြစ်အောင် လုံးပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ကြက်သားလုံးများကို လင်ဗန်းပေါ်တင်ပြီးနောက် Oven ထဲထည့်ကာ မိနစ် ၂၀ ခန့် အပူပေးပါ။

၄။ စွပ်ပြုတ်အိုးကို အပူပေးပြီး သံလွင်ဆီ ထည့်ပါ။ ထို့နောက် ကြက်သွန်နီထည့်ပြီး ၅ မိနစ်ခန့် ဆီသတ်ပါ။ ၅ မိနစ်ပြည့်ပါက ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ တရုတ်နံနံတို့ထည့်ကာ ၅ မိနစ်ခန့် တည်ပါ။

၅။ ဟင်းရွက်များ နူးအိသွားပါက ကြက်ပြုတ်ရည်ထည့်ပါ။ ဆားနျင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ဆူပွက်လာသည်အထိ တည်ပါ။ ထို့နောက် ကြက်သားလုံးများထည့်ကာ ၁၀ မိနစ်ခန့်ပြုတ်ပါ။ သံပုယိုရည်များထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်ပါ။

၆။ ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သားလုံး စွပ်ပြုတ်လေး ရရှိသွားပါပြီ။

ကြက်သားလုံးကို Oven ထဲ မထည့်ချင်ဘူး အစိမ်းအတိုင်း ပြုတ်ချင်တယ်ဆိုရင်တော့ အဆင့် (၃) ကို ကျော်လိုက်လို့ရပါတယ်။

ဒါ့အပြင် ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်များ ထည့်ပြုတ်လို့လည်း ရပါသေးတယ်။

Source: Cravinghomecooked.com