ကြက်သားကြော်ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ကြက်သားနဲ့ ပေါင်မုန့်ကိုပဲ အဓိကသုံးပြီးလုပ်စားနိုင်မယ့် Chicken Popsicle Nuggets လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပေါင်မုန့် – ၄ ချပ်ကို ဘေးသားတွေလှီးထုတ်ပြီး သေးသေးလေးတွေလှီးကာ ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။

ကြေမွသွားအောင် ကြိတ်ပြီးရင် အဲ့ထဲကိုပဲ ကြက်သားအသားချည်းပဲ – ၅၀၀ ဂရမ်ကို သေးသေးလေးတွေလှီးပြီး ထည့်ပါ။

နုတ်နုတ်ဆင်းထားတဲ့ ဂျင်း – စားပွဲတင်ဇွန်း ၁ ဇွန်းစာနဲ့ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်းစာ၊ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းစာ၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကို ထည့်ပြီး ရောကြိတ်ပါ။

သေချာကြိတ်ပြီးရင် အပြင်ထုတ်ပြီး ဆီ – စားပွဲတင်ဇွန်းတစ်ဝက်စာလောက် လောင်းချကာ လက်နဲ့ နယ်ပါ။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ပုံသွင်းပေးပါ။ ပြီးရင်တော့ တုတ်နဲ့ထိုးထားလိုက်ပါ။

ပန်းကန်လုံးတစ်လုံးထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ကာ မွှေပါ။

ခုနကတုတ်ထိုးထားတဲ့ ကြိတ်ထားတဲ့ ကြက်သားတွေကို တစ်ချောင်းချင်းစီ ကြက်ဥပန်းကန်ထဲ နှစ်၊ ပြီးရင်တော့ Bread Crumbs ပန်းကန်ထဲထည့်နယ်။ ပြီးရင်တော့ ဆီအိုးထဲထည့်ကာ ကြော်လိုက်ရုံပါပဲ။

ကြော်ပြီးရင်တော့ Chicken Popsicle Nuggets ကို ရရှိသွားပြီမို့ အချဉ်နဲ့တို့ပြီး စားသုံးနိုင်ပါပြီ။

source: www.tiffinbox