အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သွားရေစာမုန့်လေးပါ။ တြိဂံပုံဖော်ထားတဲ့ အမဲသားမုန့်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီအကြီး ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဂျုံပြား ၄၅၀ ဂရမ်
  • သကြားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • အမဲသားပြုတ်ရည် ၁၆၀ မီလီလီတာ
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး (ရေ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ မွှေခလောက်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်အိုးကို အပူပေးကာ ဆီထည့်ထားလိုက်ပါ။ ဆီပူလာပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ထည့်ကာ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် အမဲသားထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ မွှေပေးလိုက်ပါ။ နနွင်းမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ထည့်ကာ ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၂။ အမဲပြုတ်ရည်ထဲသို့ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အမဲသားအိုးထဲသို့ ထိုအမဲပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ အရည်ကပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်ကချကာ ပန်းကန်ထဲသို့ ပြောင်းထည့်ပြီး အအေးခံထားလိုက်ပါ။

၃။ ဂျုံပြားတစ်ပြားချင်းစီကို ၉ ပိုင်း အညီအမျှပိုင်းထားလိုက်ပါ။ ထို့နောက် ဂျုံပိုင်းတစ်ပိုင်းကို ယူလိုက်ကာ အမဲသား အစာသွပ် စားပွဲတင်ဇွန်း ၃ ဇွန်းကို ဂျုံပြားရဲ့ အလယ်ဗဟိုတည့်တည့်တွင်ထည့်ကာ တြိဂံပုံခေါက်ပေးလိုက်ပါ။ ကျန်ရှိနေတဲ့ ဂျုံပြားများကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးလိုက်ပါ။

၄။ အစာသွပ်များ အားလုံးကို ဂျုံပြားထဲထည့်ပြီး တြိဂံပုံခေါက်ပြီးတဲ့နောက်မှာတော့ ရေခဲသေတ္တာထဲတွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ထားလိုက်ပါ။ ထိုအချိန်တွင် Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ ရေခဲသေတ္တာထဲတွင် ထည့်ထားပြီးတဲ့နောက်မှာတော့ တြိဂံမုန့်များကို ကြက်ဥဖြင့် သုတ်ပေးလိုက်ပါ။

၅။ ထို့နောက် Oven ထဲတွင် ၁၅ မိနစ်ခန့် ထည့်ဖုတ်ထားလိုက်ပါ။ မုန့်များ ရွှေညိုရောင်ပြောင်းသွားတဲ့အခါမှာတော့ Oven ထဲက ထုတ်ကာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။

အေးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ တြိဂံပုံအမဲသားမုန့်လေး ရရှိသွားပါပြီ။ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source : Thewoksoflife.com