အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥထဲမှာ ပရိုတင်းဓာတ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကို အားဖြစ်စေတဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ထိုအစားအစာကို ကြက်ပြုတ်ရည်နဲ့ ရောနှောပြီး ဟင်းချိုချက်လိုက်မယ်ဆိုရင်တော့ အရသာရှိရုံတင်မကဘဲ အာဟာရဖြစ်စေမှာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် ၁ လီတာ
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၁ ပင်မှ ၂ ပင် (ပါးပါးလှီးဖြတ်ထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆားနှင့် နှမ်းဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဒယ်အိုးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

ဟင်းရည်ဆူလာပါက တစ်ဖက်လက်က မွှေခလောက်ထားသော ကြက်ဥကို ဖြည်းဖြည်းချင်းစီလောင်းချပေးပြီး ကျန်လက်တစ်ဖက်ကတော့ ဇွန်းနဲ့ နာရီလက်တံ ပုံသဏ္ဍာန်အတိုင်း မွှေပေးလိုက်ပါ။ တစ်မိနစ်ခန့် မွှေပေးရပါမယ်။

ထို့နောက် ထိုဟင်းရည်ထဲသို့ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီတို့ထည့်ကာ ထပ်မွှေပေးလိုက်ပါ။

အရသာအပေါ့အငန် မြည်းပြီးတဲ့နောက်မှာ မီးပိတ်လိုက်ပါ။

ထမင်းစားခါနီးမှ ဟင်းချိုပန်းကန်လုံးထဲထည့်ပြီး ကြက်သွန်မြိတ်တို့ထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

တကယ်လို့ ကြက်ဥဟင်းရည်ကို ပျစ်ပျစ်လေး သောက်သုံးချင်တယ်ဆိုရင် ဆန်မှုန့်၊ ပြောင်းမှုန့်တို့ ထပ်ထည့်နိုင်ပါတယ်။ ပြုလုပ်နည်းလေးကတော့ အရင်ဦးဆုံး ပန်းကန်လုံးတစ်လုံးထဲမှာ ဆန်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေ ၁၂၅ မီလီလီတာတို့ကို ရောနှောပြီး သမအောင် မွှေလိုက်ပါ။ ထို့နောက် ပွက်ပွက်ဆူနေသော ကြက်ပြုတ်ရည်ထဲကို ကြက်ဥမထည့်ခင် ဆန်မှုန့်ရည်ကို ထည့်ပေးရပါမယ်။ ပြီးမှ ကြက်ဥထည့်ပြီး ကျန်တဲ့အဆင့်တွေကို အထက်ကဖော်ပြခဲ့တဲ့နည်းအတိုင်း ဆက်လုပ်ပေးရမှာဖြစ်ပါတယ်။

နာမကျန်းဖြစ်တဲ့ လူမမာအတွက် ကြက်ဥဟင်းရည် တိုက်ကျွေးချင်တယ်ဆိုရင်တော့ ဂျင်းများများ ထည့်ပေးလိုက်ပါ။ ဂျင်းက အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးတို့ကို တိုက်ဖျက်ပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။

Source: thespruceeats.com