အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သားဟင်းကို တရုတ် ယူနန်စတိုင်လ် ချက်နည်းဖြင့် ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃၀၀ ဂရမ်
  • ငရုတ်သီး ၄ တောင့်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည်း ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ဖြူသော အစိတ်အပိုင်းနှင့် စိမ်းသော အစိတ်အပိုင်းတို့ကို သပ်သပ်စီလှီးဖြတ်ထားပါ)

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီး အခြောက် ၃ တောင့် (ပါးပါးလှီးထားပါ) ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာ
  • နှမ်းဆီအနည်းငယ်နှင့် နှမ်းစေ့အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ရေဆေးပြီးနောက် ပွက်ပွက်ဆူနေသော ရေနွေးပူထဲတွင် ၂ မိနစ်ခန့် တည်လိုက်ပါ။

၂။ ထို့နောက် ကြက်သားကို ဆယ်ယူလိုက်ပြီးနောက် ဒန်အိုးထဲ ကြက်သားထည့်ကာ ရေသန့်သန့် တစ်ခွက်ထည့်လိုက်ပါ။ ထို့နောက် ၈ မိနစ်ခန့် တည်ထားလိုက်ပါ။ ဒါဆိုရင်တော့ ကြက်သားက ၈၀ ရာခိုင်နှုန်းခန့် ကျက်သွားပါပြီ။

၃။ ပြုတ်ပြီးသော ကြက်သားကို အအေးခံပြီးနောက် အတုံးခပ်သေးသေးတုံးထားပါ။

ငရုတ်သီးကို ခပ်ပါးပါးလှီးထားပါ။ ပြောင်းမှုန့်ကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောနှောထားပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ငရုတ်သီးနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ် (ဖြူသောအစိတ်အပိုင်းသာ) တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၅။ ထို့နောက် ကြက်သားထည့်ပါ။ ဟင်းချက်ဝိုင်၊ ဆန်ရှာလကာရည်၊ သကြားနှင့် ပဲငံပြာရည်တို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၆။ ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာထည့်ကာ ၃ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပြီးမှ ပြောင်းမှုန့်အရည်နှင့် နှမ်းဆီ ငါးစက်၊ ခြောက်စက်ခန့်ထည့်ကာ နောက်ဆုံးအကြိမ်အနေနဲ့ ရောမွှေပေးလိုက်ပါ။

၇။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ယူနန်စတိုင်လ် ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com