အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်းကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ မြန်မာစတိုင်လ် ချက်ပြုတ်စားရတာ ငြီးငွေ့နေသူများအတွက် ဒီတစ်ခါမှာတော့ ယူနန်စတိုင်လ် ကြက်သားဟင်းလျာ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သား ၃၀၀ ဂရမ်
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးခြောက် ၃ တောင့် (ပါးပါးလှီးထားပါ)၊ ငရုတ်ပွ အစိမ်း ၂ လုံးနှင့် ငရုတ်ပွ အနီ ၂ လုံး
  • ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာ
  • နှမ်းဆီနှင့် နှမ်းစေ့အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ရေစင်အောင် ဆေးပြီးနောက် ရေနွေးပူဖြင့် ၂ မိနစ်ခန့် ထပ်ဆေးလိုက်ပါ။

၂။ ထို့နောက် အိုးတစ်လုံးထဲတွင် ရေနွေးဆူအောင် တည်ထားပြီး ရေနွေးပွက်ပွက်ဆူလာပါက ကြက်သားတုံးများကို ၈ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။

၃။ ကြက်သားတုံးများ အအေးခံပြီးတဲ့နောက်မှာတော့ အတုံးသေးများ တုံးထားလိုက်ပါ။ ပန်းကန်လုံးတစ်လုံးထဲတွင် ပြောင်းမှုန့်နှင့် ရေအနည်းငယ်ကို ရောနယ်ထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပါ။ ဒယ်အိုးပူလာပါက ဆီထည့်ပါ။ ထို့နောက် ငရုတ်သီးအခြောက်၊ ငရုတ်ကောင်းစေ့တို့ထည့်ပြီး တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။

၅။ ထို့နောက် ကြက်သားတုံးနှင့် ငရုတ်ပွများထည့်ပါ။ ဟင်းချက်ဝိုင်၊ ဆန်ရှာလကာရည်၊ သကြားနှင့် ပဲငံပြာရည်တို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ကြက်ပြုတ်ရည်ကို အိုးထဲထည့်ပြီး ၃ မိနစ်ခန့် ဆူအောင် တည်ထားလိုက်ပါ။

၇။ (၃) မိနစ်ပြည့်တဲ့အခါမှာတော့ ပြောင်းမှုန့်နှင့် နှမ်းဆီ ထည့်လိုက်ပါ။

ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ယူနန်စတိုင်လ် ကြက်သားဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ဖြူးထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com