မိသားစု စုံစုံညီညီရှိတဲ့ ရုံးပိတ်ရက်တွေမှာ အရသာရှိတဲ့အစားအစာများ တပျော်တပါးကြီး လုပ်စားချင်ကြသူတွေအတွက် ဒီတစ်ခါမှာတော့ ဝက်သားဘာဘီကျူးပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင်ခွဲ
  • ကြက်သွန်ဖြူ ၂ မြွှာ (အခွံခွာပြီး ပြားနေအောင် ထောင်းထားပါ)
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • Ketchup စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ

  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားညို လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းခပ်မှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို အရှည် ၅ လက်မ၊ အကျယ် ၂ လက်မခန့် လှီးဖြတ်ထားပါ။

၂။ ကြက်သွန်ဖြူကို အခွံခွာပြီးနောက် ငရုတ်ဆုံ၊ ငရုတ်ကျည်ပွေ့ဖြင့် ထောင်းထားလိုက်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဆန်ဝိုင်၊ Ketchup ၊ ပဲငံပြာရည်၊ ပျားရည်၊ သကြားညို၊ ကြက်သွန်ဖြူနှင့် ဟင်းခပ်မှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၄။ ဝက်သားတုံးများကို ဇောက်နက်သော လင်ဗန်းထဲတွင် ထည့်ထားလိုက်ပါ။

၅။ စောစောက ဟင်းရည်များကို ဝက်သားလင်ဗန်းထဲ လောင်းထည့်ပြီးနောက် အဖုံးအုပ်ထားကာ ရေခဲသေတ္တာထဲတွင် ၃ နာရီခန့် ထည့်ထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက ဝက်သားများကို ပန်းကန်ပြားထဲဆယ်ထည့်ပြီးနောက် ဆော့စ်အရည်များကို ပန်းကန်လုံးအသေးထဲ ပြောင်းထည့်ထားပါ။

၇။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၈။ အကင်လင်ဗန်းထဲသို့ ရေထည့်ထားပါ။ (လက်မဝက် အနက် ရရှိရုံဆို လုံလောက်ပါတယ်)။ သံဇကာကို ထိုလင်ဗန်းပေါ် တင်ပြီးနောက် ဝက်သားများကို ထိုဇကာပေါ် တင်ထားလိုက်ပါ။ ထို့နောက် Oven ထဲတွင် မိနစ် ၃၀၊ ၄၅ မိနစ်ခန့် ထည့်ကင်ထားလိုက်ပါ။

ကင်နေစဉ် အတောအတွင်းမှာ စောစောက ဖယ်ထားသော ဆော့စ်အရည်များဖြင့် ၂ ကြိမ်၊ ၃ ကြိမ်ခန့် သုတ်လိမ်းပေးဖို့လည်း လိုပါသေးတယ်။

၉။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲကထုတ်ပြီးနောက် အအေးခံထားလိုက်ပါ။ စားခါနီးကျမှ အနေတော်အတုံးလှီးဖြတ်ကာ ထမင်းနဲ့ဖြစ်စေ ဝက်သားသီးသန့်ပဲဖြစ်စေ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com