ကြက်တောင်ပံကိုကြော်စားရတာ ရိုးပါတယ်။ ကြော်တောင်ပံကြော်တစ်မျိုးထဲနဲ့ဆိုရင် အခြောက်တိုက်ကြီးဖြစ်နေတော့ အဆင်မပြေပါဘူး။ ဒါကြောင့် တစ်မျိုးထဲနဲ့ ဟင်းဖြစ်အောင် တရုတ်စတိုင်လ် ကြက်တောင်ပံနှပ် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ကြက်တောင်ပံနှပ်ဆိုတော့ တစ်မျိုးထဲနဲ့လည်း ဟင်းဖြစ်တယ်။ ဒါ့အပြင် ဆီပြန်ဟင်းမကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

ကြက်တောင်ပံ ၇၅၀ ဂရမ်ကို ပန်းကန်ထဲထည့်ပြီး ငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ကာ သမအောင်နယ်ပြီး ၁၅ မိနစ်လောက်ထားလိုက်ပါ။

ပြီးတာနဲ့ ဆီစုပ်စက္ကူနဲ့ လိုက်သုပ်ပြီး ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး သမအောင်နယ်ပါ။

နယ်ပြီးရင် ဒယ်အိုးထဲကို ဆီထည့်ပြီး ကြော်ပါမယ်။ ရပြီဆိုရင် ခူးထုပ်လိုက်ပါ။

ဒယ်အိုးထဲကျန်တဲ့ဆီနဲ့ပဲ လှီးထားတဲ့ ကြက်သွန်နီ – ပန်းကန်လုံးတစ်လုံးစာကိုထည့်ပြီး ဆား အနည်းငယ်ထည့်ကာ မွှေနေပေးပါ။ ပြီးရင်တော့ ရေနည်းနည်းထည့်ပြီး ထပ်မွှေပါ။

ကြက်သွန်နီနူးပြီဆိုရင် နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ – ၅ တက်ကို ထည့်၊ နုတ်နုတ်စင်းထားတဲ့ ဂျင်း – အနည်းငယ်ထည့်ပြီး မွှေပါ။ ရေနည်းနည်းထပ်ထည့်ပြီး ထပ်မွှေပါ။

ကြော်ထားတဲ့ ကြက်တောင်ပံတွေကိုထည့်မွှေပြီး ခရုဆီ – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲစာထည့်၊ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်စာထည့်၊ တရုတ်ဟင်းချက်ဝိုင် (Chinese cooking wine) – စားပွဲတင်ဇွန်းတစ်ဇွန်းခွဲစာထည့်ပြီး မွှေပါ။

ရေနည်းနည်းထပ်ထည့်ပြီး ထပ်မွှေပါ။ ပြီးရင်တော့ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်စာထည့်ပြီး မွှေပါ။ ရေနည်းနည်းထပ်ထည့်ပြီး တစ်မိနစ် အဖုံးအုပ်ပြီး တည်ထားလိုက်ပါ။

အချိန်ပြည့်ရင် အဖုံးဖွင့်မွှေပြီး အပေါ်ကနေ ကြက်သွန်မြိတ်လေးတွေ အုပ်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ တရုတ်စတိုင်လ် ကြက်တောင်ပံနှပ်ကို ရရှိသွားပါပြီ။ ထမင်းဖြူပူပူလေးနဲ့ တွဲဖက်စားသုံးရင်တော့ ထမင်းစားလို့မြိန်မှာ သေချာပါတယ်။

Source: www.pailin’skitchen