ပဲပြားနဲ့ကြက်ဥကိုရောပြီး အရသာရှိရှိလေးဖြစ်အောင် တရုတ်စတိုင်လ်ကြော်ထားတဲ့ နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ ဒီလိုဟင်းမျိုးက စားနေကျအရသာတွေနဲ့မတူပဲ ကွဲထွက်စေတာကြောင့် အရသာရှိတဲ့ ဟင်းတစ်ခွက်ရစေပါတယ်။

အရင်ဆုံး ကြက်သွန်မြိတ်အကြီး တစ်ချောင်းကို သေးသေးလေးတွေဖြစ်အောင် လှီးပါမယ်။

မှိုနှစ်ပွင့်ကို လှီးပါမယ်။

ကြက်သွန်မြိတ်အသေးကိုလည်း လက်တစ်ဆုပ်စာလောက်ရအောင် သေးသေးလေးတွေ လှီးပါမယ်။

ပဲပြား – ၃၀၀ ဂရမ်ကို အတုံးထူထူကြီးကြီးလေးရအောင် လှီးပေးပါ။

ကြက်ဥ – ၂ လုံးကို ဆားနဲ့ခလောက်ပါမယ်။

ပန်းကန်လုံးအလွတ်ထဲကို ကြာညို့ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီဆော့စ် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဟင်းချက်ဝိုင် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုပ်သီးအနှစ် – စားပွဲတင်ဇွန်းတစ်ဝက်၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်နဲ့ ရေ – ၁၅၀ မီလီလီတာတို့ကို ရောထည့်ပြီး မွှေပေးပါ။

နောက်ထပ်ပန်းကန်လုံးအသစ်ထဲကို ကော်မှုန့် – စားပွဲတင်ဇွန်းတစ်ဝက်နဲ့ ရေ – ၁၅၀ မီလီလီတာ ထည့်ပြီး မွှေပေးပါ။

ဒယ်အိုးထဲကိုဆီထည့်ပြီး လှီးထားတဲ့ပဲပြားတွေ အရင်ကြော်ပါမယ်။ ကြော်ပြီးရင် ခူးထုတ်ထားပါ။ ကျွတ်စရာမလိုပါဘူး။ အရောင်ပြောင်းသွားရင် ရပါပြီ။

ဒယ်အိုးထဲကို ဆီထပ်ထည့်ပြီး ခလောက်ထားတဲ့ကြက်ဥ ထည့်ကြော်ပါမယ်။ ကြက်ဥကို ဒယ်အိုးထဲမှာ မွှေပြီး ကြော်ပေးပါ။ ရပြီဆို ခူးထုတ်ထားပါ။

ဒယ်အိုးထဲကို ဆီနည်းနည်းလေးထည့်ပြီး လှီးထားတဲ့ ကြက်သွန်မြိတ်အကြီးတွေ ထည့်မွှေပါ။
နုတ်နုတ်ဆင်းထားတဲ့ဝက်သား – ၈၀ ဂရမ်နဲ့ ထောင်းထားတဲ့ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ကြော်ပေးပါ။

ဝက်သားရလောက်ပြီဆိုရင် ကြော်ထားတဲ့ပဲပြား၊ မှိုနဲ့ ပန်းကန်လုံးအလွတ်ထဲ ပါဝင်ပစ္စည်းတွေ ရောထည့်ပြီးမွှေထားတာကို လောင်းထည့်ပါမယ်။

ပွက်ပွက်ဆူလာပြီဆိုရင် ကြော်ထားတဲ့ကြက်ဥထည့်ပြီး ကော်မှုန်နဲ့ရေနဲ့ရောထားတာကို ထည့်ပါမယ်။ သေချာမွှေပေးပြီး ရေနည်းနည်းလေး ထပ်ထည့်ပါ။ ထပ်မွှေပြီး ပျစ်လာပြီဆိုရင် လှီးထားတဲ့ ကြက်သွန်မြိတ်အသေးကို ထည့်မွှေပေးပါ။

ခဏလောက်မွှေပြီးတာနဲ့ ပန်းကန်ထဲခူးထည့်ပြီး ထမင်းဖြူလေးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။