ရေခဲချောင်း ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ကြက်ဥနဲ့ ခရင်မ်တို့ လုံးဝ အသုံးမပြုထားတဲ့ အိမ်လုပ် ချောကလက် ရေခဲချောင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နို့မှုန့် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • နို့ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ၂ ဇွန်း၊ ၃ ဇွန်းခန့်

  • ဗနီလာ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နို့ချောကလက် ၂၀၀ ဂရမ်
  • လှော်ထားပြီးသား မြေပဲ စားပွဲတင်ဇွန်း ၁ ဇွန်း (ချေမွထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးထဲတွင် နို့မှုန့်များထည့်ပါ။ ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်း ထည့်ကာ သမအောင် ရောမွှေပါ။ ဆူပွက်လာသည်အထိ တည်ပါ။

၂။ ကျိုချက်ထားသော နို့မှုန့်များ အရည်ပျစ်ပျစ်လေး ဖြစ်သွားပါက နို့ဆီထည့်ကာ သမအောင် မွှေပါ။

ထို့နောက် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေအနည်းငယ်ထည့်ကာ ပျစ်ပျစ်လေးဖြစ်သွားအောင် မွှေပါ။ ရရှိလာတဲ့ ပြောင်းမှုန့်အရည်ကို အိုးထဲထည့်ကာ သမအောင် မွှေပါ။

၃။ အရည်ပျစ်ပျစ်လေး ရသွားသည်အထိ တည်ပြီးတဲ့နောက်မှာတော့ ခရားအကြီးတစ်လုံးထဲထည့်ပြီး အအေးခံပါ။

၄။ ထို့နောက် ဗနီလာ လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ပါ။ သမအောင် မွှေပါ။

၅။ ထို့နောက် ရေခဲမုန့်ပုံစံခွက်ငယ်များထဲ လောင်းထည့်ပါ။ ထိုခွက်များကို ခဲဖတ်ဖြင့် ပိတ်ပါ။

၆။ ခွက်ရဲ့အလယ်တည့်တည့်နေရာကို ခန့်မှန်းပြီးနောက် ခဲဖတ်ကို ဓားဖြင့် အပေါက်ဖောက်လိုက်ပါ။ ထို့နောက် ရေခဲချောင်းတုတ်တံလေးများ ထိုးထည့်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၈ နာရီမှ တစ်ညတိတိ အအေးခံထားလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်အောင် အအေးခံပြီးတဲ့နောက်မှာ ရေခဲသေတ္တာထဲက ထုတ်ကာ ၁၀ မိနစ်ခန့် စောင့်ပါ။ ၁၀ မိနစ်ပြည့်ပါက ရေခဲချောင်းများကို ရေခဲချောင်းပုံစံခွက်ထဲက အလွယ်တကူ ဆွဲထုတ်လို့ရပါပြီ။

၈။ နောက်တစ်ဆင့်အနေနဲ့ ဒန်အိုးအသေးတစ်လုံးထဲတွင် ရေအနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ပါ။ ပွက်ပွက်ဆူလာပါက မီးဖိုပေါ်ကချပါ။ ထိုဒန်အိုးပေါ်တွင် ခွက်တစ်လုံးတင်ထားပါ။ ထိုခွက်ထဲသို့ နို့ချောကလက်များထည့်ပြီး ချောကလက်များ အရည်ပျော်လာသည်အထိ မွှေပေးလိုက်ပါ။

ချောကလက်ရည်များ ပူခြစ်မနေအောင်လို့ ရေနွေးအပူရှိန်နဲ့ပဲ ချောကလက်များကို အရည်ဖျော်ရမှာပါ။ ဒါမှ ချောကလက်ရည်ထဲ ရေခဲချောင်း ထည့်နှစ်တဲ့အခါ အရည်ပျော်ကျမသွားမှာဖြစ်ပါတယ်။

၉။ ရရှိလာတဲ့ ချောကလက်ရည်များကို ဇောက်နက်သော မတ်ခွက်ထဲထည့်ပါ။ ထို့နောက် ရေခဲချောင်းများ ထည့်နှစ်လိုက်ပါ။ ချောကလက်ရည်များ အရည်စက်လက် မကျလာသည်အထိ ရေခဲချောင်းကို ကိုင်ထားပေးလိုက်ပါ။

ထို့နောက် ရေခဲချောင်းများကို ရေခဲသေတ္တာထဲတွင် ပြန်လည်အအေးခံထားပေးလိုက်ပါ။

မိနစ်ပိုင်းခန့် အအေးခံပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ချောကလက်ရေခဲချောင်းလေး ရရှိသွားပါပြီ။

မြေပဲချောကလက် စားချင်သူများအတွက်ကတော့ အဆင့် တစ်ဆင့် ပိုသွားပါလိမ့်မယ်။

ထိုအဆင့်ကတော့ – ချေမွထားသော မြေပဲများကို ချောကလက်ရည်ထဲ ထည့်ကာ သမအောင် မွှေပြီးမှ ရေခဲချောင်းကို ချောကလက်ရည်ထဲ ထည့်နှစ်လိုက်ပါ။

Source: Tiffin Box