ပါဝင်ပစ္စည်း နှစ်မျိုးထဲနဲ့ ချောကလက်ကိတ်ကို လွယ်လွယ်ကူကူလုပ်စားနိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ ပါဝင်ပစ္စည်းကလည်း ချောကလက်နဲ့ ကြက်ဥနှစ်မျိုးထဲလိုတာဆိုတော့ လုပ်ရတာလည်း အဆင်ပြေသလို ဝယ်ရတာလည်း လွယ်ကူပါတယ်။ ဒါပေမယ့် Microwave နဲ့လုပ်ရတာဖြစ်လို့ ကိတ်မုန့်လုပ်စားရတာ ဝါသနာပါရင်တော့ အိမ်မှာ Microwave နဲ့ မုန့်ဖုတ်စက်ကို ဝယ်ထားသင့်ပါတယ်။

ချောကလက်ကိတ်စတင်ပြုလုပ်ဖို့အတွက် ချောကလက် – ခွက်တစ်ခွက်စာကိုယူပြီး Microwave ထဲထည့်ကာ အရည်ပျော်သွားအောင် လုပ်ပေးရပါမယ်။ Microwave ထဲမှာ တစ်မိနစ်ထည့်ပေးရင် ရပါပြီ။ အရည်ပျော်သွားရင်တော့ ဇွန်းနဲ့မွှေလိုက်ပါ။

ပန်းကန်လုံးနှစ်လုံးထဲကို ကြက်ဥ – လေးလုံးဖောက်ထည့်ပါ။ ကြက်ဥကို ပန်းကန်လုံးနှစ်လုံးနဲ့ အနှစ်သက်သက်၊ အကာသက်သက် ခွဲထည့်ပေးပါ။ ပြီးတာနဲ့ ကြက်ဥအကာတွေကို ပျစ်သွားတဲ့အထိ မွှေစက်နဲ့မွှေပေးရပါမယ်။ ဒီတိုင်းမွှေလို့လည်းရပေမယ့် အရမ်းကြာအောင်မွှေရမှာဖြစ်တဲ့အတွက် မွှေစက်နဲ့မွှေပေးရင်တော့ လူမပင်ပန်းဘူးပေါ့။

ပန်းကန်လုံးအကြီးထဲကို အရည်ပျော်သွားတဲ့ ချေကလက်တွေပြောင်းထည့်ပြီး ကြက်ဥအနှစ် – လေးလုံးကိုထည့်ကာ ဇွန်းနဲ့ပဲ မွှေပေးပါ။ သမအောင်မွှေပြီးရင်တော့ ခုနကမွှေထားတဲ့ ကြက်ဥအကာတွေနဲ့ ရောထည့်ပြီး ထပ်မွှေပေးပါ။

သေချာမွှေပြီးသွားရင်တော့ ကိတ်မုန့်ဖုတ်တဲ့ အိုးလေးထဲကို ပြောင်းထည့်ပြီး မုန့်ဖုတ်စက်ထဲမှာ ၃၂၀ ဒီဂရီဖာရင်ဟိုက်နဲ့ မိနစ် ၃၀ ကြာအောင် ထည့်ထားလိုက်ပါ။

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ Topping လေးတွေကို ဖြူးပြီး ဓားနဲ့ခွဲကာ အသင့်စားသုံးနိုင်ပါပြီ။ အပေါ်ကနေ ရေခဲမုန့်တင်ပြီးတော့လည်း စားသုံးနိုင်ပါသေးတယ်။ ဒါဆိုရင်တော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ချောကလက်ကိတ်ကို ရရှိသွားပါပြီ။

Photo Source: www.tasty.com