အချိုပွဲ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးမယ့် ကိတ်မုန့်ဖုတ်နည်းကတော့ ကြက်ဥ အသုံးမပြုထားတဲ့ ချောကလက် ငှက်ပျောသီးကိတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၂ လုံး
  • သကြား အကြမ်း စားပွဲတင်ဇွန်း ၆ ဇွန်း
  • Vanilla Extract လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်း
  • နေကြာဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

  • ဂျုံမှုန့် ၁၅၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆား အနည်းငယ်
  • ချောကလက်လုံးများ စားပွဲတင်ဇွန်း ၅ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးများကို အတုံးခပ်သေးသေးများ တုံးထားပြီးနောက် ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ကာ သကြားဖြင့် သမအောင် ရောနှောထားလိုက်ပါ။ ထို့နောက် ငှက်ပျောသီးအနှစ်လေးများဖြစ်သွားအောင် ငှက်ပျောသီးကို ခက်ရင်းဖြင့် ချေပစ်လိုက်ပါ။ (သစ်သီးဖျော်စက်ထဲထည့်ပြီး သမအောင် မွှေပေးမယ်ဆိုလည်း အဆင်ပြေပါတယ်။)

၂။ ရရှိလာတဲ့ ငှက်ပျောသီးအနှစ်ထဲသို့ ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် Vanilla Extract လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲသို့ ဂျုံမှုန့်၊ ဆား၊ သစ်ကြမ်းပိုးခေါက်အမှုန့်၊ မုန့်ဖုတ်ဆိုဒါနှင့် မုန့်ဖုတ်ပေါင်ဒါတို့ကို ဆန်ခါဖြင့် စစ်ထည့်ပေးလိုက်ပါ။ ထို့နောက် သမအောင် မွှေပေးလိုက်ပါ။

၄။ Oven ကိုတော့ ၁၈၀ ဒီဂရီဆဲလ်ဆီးယပ် (သို့) ၃၅၆ ဒီဂရီဖာရင်ဟိုက်ဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ကြိုတင်အပူပေးထားလိုက်ပါ။

ကိတ်မုန့်ဖုတ်မယ့် ကိတ်မုန့်အိုးကိုတော့ ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။

၅။ စောစောက ဂျုံမှုန့်အရောအနှောများကို ငှက်ပျောသီးအနှစ်ထဲသို့ ထည့်ပါ။ ချောကလက်လုံးလေးများပါ ပေါင်းထည့်လိုက်ပါ။

၆။ ပြီးရင်တော့ သမအောင် နယ်ပေးလိုက်ပါ။ ရရှိလာတဲ့ ငှက်ပျောသီး ဂျုံမှုန့်အရောအနှောက ဂျုံမှုန့်လုံးကြီးလို မာတောင့်တောင့်လည်း ဖြစ်မနေသင့်သလို ကော်ကဲ့သို့လည်း စေးကပ်ကပ် ဖြစ်မနေရပါဘူး။

ပုံမှာပြထားတဲ့အနေအထားလောက်ဆို ရပါပြီ။

၇။ ရရှိလာတဲ့ ငှက်ပျောသီး ဂျုံမှုန့်ကို ကိတ်မုန့်ဖုတ်မယ့်အိုးထဲ လောင်းထည့်ပြီးနောက် မျက်နှာပြင်ကို ညီညာအောင် ညှိပေးလိုက်ပါ။ ထို့နောက် Oven ထဲထည့်ကာ ၃၅ မိနစ်မှ ၄၅ မိနစ်အထိ ထည့်ဖုတ်ပေးလိုက်ပါ။

၈။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ သွားကြားထိုးတံလေးနဲ့ ထိုးပြီး စမ်းသပ်ကြည့်လိုက်ပါ။ သွားကြားထိုးတံမှာ မုန့်နှစ်များ ကပ်ပါလာခြင်း မရှိဘူးဆိုရင်တော့ ထိုငှက်ပျောသီးကိတ်လေးက စားသုံးရန်အဆင်သင့်ဖြစ်ကြောင်း ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။

ကိတ်မုန့်ကို အအေးခံပြီးတဲ့နောက်မှာတော့ ချောကလက် ငှက်ပျောသီးကိတ်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Vegrecipesofindia.com