အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ရှူးရှူးရှဲရှဲနဲ့ ဆွေမျိုးမေ့သွားစေမယ့် မာလာကြက်သား အစပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်တုံး ၄ တုံး
  • ကြော်ရန် ဆီ
  • ငရုတ်သီးတောင့် အခြောက်တောင့် ပန်းကန်လုံးအသေး တစ်ခွက်ခွဲစာ
  • ငရုတ်ကောင်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဂျင်းတုံး ၁ တုံး (ပါးပါးလှိးထားပါ)

  • ကြက်သွန်ဖြူ ၂ မြွှာ
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်

ကြက်သားနယ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်သီးခြောက်များကို အစေ့များ ဖယ်ရှားပြီးနောက် ရေထဲတွင် ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ ကြက်ရိုးများကို ဖယ်ရှားပြီးနောက် ကြက်သားကို အတုံးသေးသေး တုံးထားလိုက်ပါ။ ကြက်သားတုံးများကို ပဲငံပြာရည်၊ ဆန်ဝိုင်၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်၊ ဆားတို့ဖြင့် သမအောင် နယ်ထားပြီးနောက် ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားများထည့်ပြီး ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ ကြက်သားကြော်များကို ပန်းကန်လုံးတစ်လုံးထဲ ပြောင်းထည့်ထားပါ။

၄။ ဒယ်အိုးကို ပြန်လည်သန့်စင်ပြီးနောက်မှာ (သို့မဟုတ် အခြားဒယ်အိုးအသစ်တစ်လုံး အသုံးပြုပါ) ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပြီး ငရုတ်သီးများကို မီးအေးအေးဖြင့် ၁ မိနစ်၊ ၂ မိနစ်ခန့် လှော်ပေးရပါမယ်။ ငရုတ်သီးများ အနီရင့်ရင့် ပြောင်းသွားပါက ငရုတ်ကောင်းစေ့များထည့်ပြီး နောက်ထပ် ၁ မိနစ်ခန့် လှော်ပေးလိုက်ပါ။

၅။ ထိုလှော်ထားသော ငရုတ်သီးတောင့်များကို ဒယ်အိုး ဘေးဘက်သို့ ပို့ထားလိုက်ပါ။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း တစ်ဝက် ထပ်ထည့်ပြီး ဂျင်း၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၆။ ထို့နောက် ကြက်သားကြော်ကို ဒယ်အိုးထဲ ပြန်ထည့်ကာ အားလုံး သမသွားအောင် မွှေပေးလိုက်ပါ။ ထို့နောက် နှမ်းစေ့၊ သကြားနှင့် ဆားအနည်းငယ်တို့ထည့်ကာ သမအောင် ထပ်ကြော်ပေးရပါမယ်။

ကြော်ပြီးတဲ့နောက်မှာ ပန်းကန်ပြားထဲသို့ ချက်ချင်းပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ရှူးရှဲ မာလာကြက်သားကြော်တစ်ပွဲ ရရှိသွားပါပြီ။

Source: Chinasichuanfood.com