အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အရသာရှိလွန်းလို့ ဆွေမျိုးမေ့သွားစေမယ့် အမဲသားကြက်ဥထမင်းကြော် ကြော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၀ အောင်စ (အနေတော်အတုံးတုံးထားပါ)
  • သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၃ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေနွေးပူ စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ထမင်း ပန်းကန်လုံး ၅ လုံးစာ
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)နှင့် ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ပဲလုံးစိမ်း လက်တစ်ဆုပ်စာခန့်နှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို ဆား၊ ရေ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်းမှုန့်နှင့် ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၂။ ရေနွေးပူကို သကြား၊ နှမ်းဆီ၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် မွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်ဥကို မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲ ပြောင်းထည့်ထားလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ထို့နောက် အမဲသားထည့်ပြီး မိနစ်အနည်းငယ်ခန့် ကြော်ပေးလိုက်ပါ။ အမဲသားက ၇၀ ရာခိုင်နှုန်းခန့် ကျက်သွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၅။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပြီး ကြက်သွန်နီထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ထမင်းထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

ထမင်းက နွေးလာတဲ့အခါ အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်အရည်များလောင်းထည့်လိုက်ပါ။ တစ်မိနစ်ခန့် ကြော်ပြီးတဲ့အခါ အမဲသားကြော်များထည့်ကာ မွှေကြော်ပေးလိုက်ပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးထဲသို့ ကြက်ဥ၊ ပဲလုံးစိမ်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ဟင်းချက်ဝိုင်ထည့်ကာ စက္ကန့်အနည်းငယ်ခန့် မွှေကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်လို့ရပါပြီ။ လိုအပ်ပါက ဆား၊ ငရုတ်ကောင်းမှုန့် (သို့) ပဲငံပြာရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

အရသာအစပ်အဟပ်တည့်သွားပါက ဆွေမျိုးမေ့သွားစေမယ့် အမဲသား ကြက်ဥထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com