အရင်တုန်းကတော့ အုန်းထမင်းကို အလှူမင်္ဂလာပွဲတွေ သွားတော့မှ စားရပေမယ့်လည်း အခုအချိန်မှာတော့ အလွယ်တကူအိမ်မှာပဲ ကြိုက်တဲ့အချိန် ချက်စားနိုင်ဖို့အတွက် နည်းလမ်းလေးတွေ ပေးအပ်တော့မှာပါနော်။ လုပ်ရတာကလည်း ထင်သလောက်လက်မဝင်လို့ တစ်ခါလောက်တော့ ချက်ကြည့်ကြပါအုံးလို့ တိုက်တွန်းလိုက်ချင်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- အုန်းထမင်းဆန် -၃ နို့ဆီဘူး (ရေသုံးနာရီ ကြိုစိမ်ထားပေးပါ)
- အုန်းနို့အနှစ် – ၁ နို့ဆီဘူး
- ရေ – ၂ ၁/၂ နို့ဆီဘူး
- ကြက်သွန်နီ – ၁၀လုံး
- သကြား – ၂ ဟင်းစားဇွန်း
- ဆား – ၁ ဟင်းစားဇွန်း
- ဆီ – ၂ ဟင်းစားဇွန်း
ပြင်ဆင်ပြုလုပ်နည်း
- ဆန်ကို ရေစင်အောင် ဆေးပြီး စိမ်ထားသည်များကို ရေစစ်ပေးပြီး ပါဝင်ပစ္စည်းများထည့်မွှေပေးကာ rice cookerမှာ ထမင်းချက် သလို ချက်ပေးပါ။ ခဏကြာ သမအောင် မွှေပေးပါ။ ရေခမ်းပြီး ခလုပ်တက်ခါနီးလျှင် ဆန် အနည်းငယ် မာတယ် ထင်လျှင် ရေနွေးလေး အနည်းငယ် ထည့်ပြီး အသာယာ မွှေပေးပါ။
- ပေါင်းအိုး ခလုပ်တက်ပြီး ချွေးသိပ်သွားလျှင် အရမ်းမချို ဆီမများ အုန်းနို့လည်း အများကြီး မသုံးထားတော့သွေးတိုးမှာလည်း မပူရတော့တဲ့ အုန်းထမင်းရပါပြီ။
- အုန်းထမင်းနှင့် တွဲဖက်စားရန် ဖီးကြမ်း ငှက်ပျောသီး မှည့်များကို ဆီများများ မီးအေးအေးမှာ ကြော်ပေးပါ။ စားတော် ပဲပြုတ်လေး ဆီမွှေးသပ်ထားပါ။ ငရုတ်သီးတောင့်လေးများ ကြော်ထားပါ။
- ပုဇွန်ခြောက်လေးများ ကြွပ်အောင် ကြော်ထားပါ။ သရက်ချဉ်၊ ပူစီနံလေးများဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ။
Credit: Soe’s Cooking Collection