အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မိနစ် ၂၀ တည်းအချိန်ပေးရုံနဲ့ ချက်ပြုတ်ပြီးစီးနိုင်တဲ့ အုန်းနို့ ကြက်သားဟင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်ပေါင်သား (သို့) ကြက်ရင်အုံသား ၁ ပေါင် (၁ လက်မပတ်လည်အတုံး လှီးဖြတ်ထားပါ)
  • အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (လေးထောင့်အတုံးငယ် လှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ညှက်နေအောင် ထောင်းထားသော ငရုတ်သီးထောင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ပွ အနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • အုန်းနို့ နို့ဆီဘူး ၁ ဘူး၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံပုယိုသီးတစ်ခြမ်း (အရည်ညှစ်ထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးကို ပန်းကန်လုံးထဲ ထည့်ပြီးနောက် နနွင်းမှုန့်၊ ဇီရာမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ကြက်သွန်နီထည့်ပြီး ၃ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးထောင်းတို့ထည့်ကာ ၂ မိနစ်ခန့် မွှေပါ။

နောက်ထပ် အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ငရုတ်ပွထည့်ကာ ၂ မိနစ်ခန့် မွှေပါ။ ပြီးရင်တော့ ကြက်သားတုံးများထည့်ကာ ၅ မိနစ်ခန့် မွှေပေးလိုက်ပါ။

၃။ ကြက်သားတုံးများ အညိုရောင်ပြောင်းသွားပြီဆိုရင်တော့ အုန်းနို့၊ သံပုယိုရည်၊ ပျားရည်တို့ထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့် တည်ထားပါ။

၄။ အုန်းနို့ရည်များ ပျစ်သွားတဲ့အခါမှာတော့ အုန်းနို့ရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို ပန်းကန်လုံးထဲသို့ ခပ်ယူပြီး ဂျုံမှုန့်ဖြင့် သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ ဂျုံမှုန့်နှစ်ကို ဒယ်အိုးထဲ ပြန်ထည့်ပြီး နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကာ တည်ထားလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ အုန်းနို့ ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Whatmollymade.com