အုန်းသီးရေခဲမုန့်ဆိုရင်တော့ တချို့နေရာတွေမှာ ဝယ်စားလို့ရပေမယ့် နေရာတိုင်းမှာတော့ လွယ်လွယ်ကူကူနဲ့ ဝယ်စားလို့မရပါဘူး။ ဒါကြောင့် အုန်းသီးရေခဲမုန့်ကို အိမ်မှာအလွယ်တကူလုပ်စားလို့ရအောင် ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလည်း လွယ်ကူသလို ပါဝင်ပစ္စည်းတွေကလည်း City Mart နဲ့ ဈေးတွေမှာ အလွယ်တကူနဲ့ ဝယ်လို့ရပါတယ်။

အုန်းသီးရေခဲမုန့်ပြုလုပ်ဖို့ ပန်းကန်လုံးထဲကို Coconut Cream – ခွက်တစ်ဝက်စာနဲ့ နို့ဆီ – ခွက်တစ်ဝက်စာထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးတာနဲ့ အုန်းဆီ – စားပွဲတင်ဇွန်း – ၁ ဇွန်းနဲ့ Vanilla Extract – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်ထပ်မွှေပါ။

Heavy Cream – တစ်ခွက်ခွဲစာထည့်ပြီး မွှေစက်နဲ့ ပျစ်သွားတဲ့အထိမွှေပေးပါ။ ပြီးရင်တော့ ခုနကမွှေထားတာတွေထဲရောထည့်ပြီး သမအောင်ထပ်မွှေပါ။

သမအောင်သေချာမွှေပြီးပြီဆိုရင်တော့ ဘူး (သို့) ရေခဲမုန့်ထည့်တဲ့ Aluminum Pan ထဲကိုထည့်ပြီး အဖုံး (သို့) ဆီစုပ်စက္ကူနဲ့ ဖိချပြီးဖုံးပေးပါ။ ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ အနည်းဆုံး လေးနာရီကြာ အအေးခံထားရပါမယ်။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဇွန်းနဲ့ခပ်ပြီး အသင့်စားသုံးနိုင်တဲ့ အုန်းသီးရေခဲမုန့်ကို ရရှိသွားပါပြီ။ အပေါ်ကနေ ကိုယ်ကြိုက်နှစ်သက်ရာ Topping လေးတွေဖြူးပြီးတော့လည်း စားသုံးနိုင်ပါတယ်။

Photo Source: www.yummyph.com