အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းစားပြီးတိုင်းမှာ အချိုတည်းလေ့ရှိသူများအတွက် အုန်းသီးဖတ် နို့ပူတင်းပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အုန်းနို့ ၆၀ ဂရမ် (စားပွဲတင်ဇွန်း ၄ ဇွန်းကျော်ခန့်)
  • Gelatin Sheets ၁၀ ဂရမ်
  • နွားနီု့ ၁၃၅ ဂရမ် (စားပွဲတင်ဇွန်း ၉ ဇွန်း)
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • အုန်းသီးဖတ် အနည်းငယ်

  • Heavy Cream ၉၅ ဂရမ် (စားပွဲတင်ဇွန်း ၇ ဇွန်း)
  • မိမိကြိုက်နှစ်သက်ရာ လတ်ဆတ်သော သစ်သီးတစ်မျိုးမျိုး (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Gelatin ကို ဂျယ်လီအတုံးများ ဖြစ်သွားသည်အထိ ရေအေးထဲတွင် မိနစ်အနည်းငယ်ကြာ စိမ်ထားလိုက်ပါ။ စိမ်ပြီးသွားရင်တော့ ဂျယ်လီဖတ်များကို ဆယ်ယူလိုက်ပါ။

၂။ အိုးအသေးတစ်လုံးထဲတွင် နွားနို့၊ အုန်းနို့၊ Heavy Cream နှင့် သကြားတို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် မီးအပူချိန်အေးအေးဖြင့် သကြားများ ပျော်သွားသည်အထိ အပူပေးလိုက်ပါ။ ပွက်ပွက်ဆူလာသည်အထိ တည်ထားစရာမလိုပါဘူး။

၃။ သကြားများ အရည်ပျော်သွားတာနဲ့တပြိုင်နက် ဂျယ်လီဖတ်များကိုပါ အိုးထဲထည့်ပြီး မွှေပေးလိုက်ပါ။ ဂျယ်လီဖတ်များ ပျော်သွားပြီဆိုတာကို မီးပိတ်လိုက်ပါ။

၄။ ထို့နောက် ဇောက်နက်ပြီး ပလပ်စတစ်ခံထားသော လင်ဗန်းပေါ်တွင် ထိုနို့ရည်များကို လောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ၄ နာရီခန့် အအေးခံထားရပါမယ်။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ရေခဲသေတ္တာထဲကထုတ်ပြီး အညီအမျှလှီးဖြတ်ထားလိုက်ပါ။ ထို့နောက် အုန်းသီးဖတ်လေးများ ကပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အုန်းသီးဖတ် နို့ပူတင်းလေး ရရှိသွားပါပြီ။ အချိုပွဲအနေနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

တကယ်လို့ စာဖတ်သူအနေနဲ့ စတော်ဘယ်ရီသီး၊ သရက်သီး စတဲ့ သစ်သီးတစ်မျိုးမျိုးပါ ထည့်စားချင်တယ်ဆိုရင်တော့ အဆင့် (၃) ပြီးသွားပြီဆိုတာနဲ့ ပလစ်စတစ်ခံထားတဲ့ လင်ဗန်းထဲကို သစ်သီးလေးတွေ ခပ်ပါးပါးလှီးထည့်ထားပါ။ ပြီးမှ နို့ရည်လေးကို လင်ဗန်းထဲသို့ လောင်းထည့်ပေးလိုက်ပါ။ ရေခဲသေတ္တာထဲတွင် ၄ နာရီခန့် အအေးခံပြီးသွားတဲ့အခါမှာတော့ အနေတော်အတုံးလေး လှီးဖြတ်ကာ အုန်းသီးဖတ်ကပ်ပြီး စားသုံးနိုင်ပါတယ်။

Source : Chinasichuanfood.com