အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ကိုရီးယားရိုးရာအစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ခေါက်ဆွဲအေးစားရတာ ဘယ်လိုအရသာရှိနေမလဲဆိုတာကို သိချင်သူများအတွက် မိမိအိမ်မှာပဲ အလွယ်တကူလုပ်စားနိုင်တဲ့ ကင်ချီတူနာ ခေါက်ဆွဲအေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ တစ်ထုပ်
  • ကင်ချီ ပန်းကန်လုံးတစ်လုံးစာ
  • သခွားသီး တစ်ဝက် (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • တူနာငါး စည်သွပ်ဘူး ၆၀ ဂရမ်
  • ကြက်ဥ ၁ လုံး (Half-Fried ကြော်ထားပါ)

  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ခေါက်ဆွဲထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် ခေါက်ဆွဲများကို ဆယ်ယူကာ ရေအေးဖြင့် ပြန်လည်ဆေးကြောပေးလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ငရုတ်သီးနှစ်၊ သကြား၊ ဆန်ရှာလကာရည်၊ ရေ၊ နှမ်းဆီနှင့် နှမ်းစေ့တို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။ ထို့နောက် ခေါက်ဆွဲပေါ် လောင်းထည့်ပြီးနောက် သမအောင် နယ်ပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ တူနာငါး၊ ကင်ချီနှင့် သခွားသီးတို့ထည့်ကာ သမအောင် ထပ်မွှေပေးရပါမယ်။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ကင်ချီ တူနာ ခေါက်ဆွဲအေးလေး ရရှိသွားပါပြီ။

ကြက်ဥ Half-Fried ကို ခေါက်ဆွဲပေါ် တင်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com