အားလုံးပဲ မင်္ဂလာပါ။ ထမင်းချည်းပဲ နေ့စဉ်စားရတာ ငြီးငွေ့နေပြီဆိုတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ကြက်သားလုံး ခေါက်ဆွဲပြုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲတစ်ထုပ်
  • ကြက်သားလုံး ၄ လုံး
  • ဟင်းနုနွယ် တစ်စည်း (အရွက်နှင့် ရိုးတံများကို ချွေထားလိုက်ပါ)
  • မှို ဝ.၆ ပေါင်ခန့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)

  • ကြက်သွန်ကြော် လက်တစ်ဆုပ်စာခန့် (မထည့်လည်း ရပါတယ်)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးထဲသို့ ရေထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ထို့နောက် ခေါက်ဆွဲထည့်ပြီးနောက် ၃ မိနစ်၊ ၄ မိနစ်ခန့် တည်ထားလိုက်ပါ (မကြာခဏမွှေပေးဖို့လည်း လိုပါတယ်)။ ခေါက်ဆွဲများ နူးအိသွားပါက အိုးထဲမှ ဆယ်ယူပြီး ရေအေးဖြင့် ဆေးထားလိုက်ပါ။

၂။ ခေါက်ဆွဲပြုတ်ထားသော ရေများကို သွန်ပစ်ပြီးနောက် ထိုအိုးထဲသို့ ရေ ၁ လီတာခွဲထည့်ကာ မီးပြင်းပြင်းဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၃။ ကြက်သားလုံးများနှင့် မှိုများကို ထိုအိုးထဲသို့ ထည့်ကာ ၃ မိနစ်ခန့် တည်ထားလိုက်ပါ။ ထို့နောက် ခေါက်ဆွဲနှင့် ဟင်းနုနွယ်ထည့်ကာ ၁ မိနစ်ခန့် ထပ်တည်ထားပါ။

၄။ ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့် နှမ်းဆီတို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားလုံး ခေါက်ဆွဲပြုတ်ရသွားပါပြီ။

ကြက်သွန်မြိတ်အနည်းငယ်ဖြူးထည့်ကာ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Spicetheplate.com