နေ့လည်စာ စားပြီးလို့ တစ်နာရီ နှစ်နာရီကြာတဲ့အခါ ဗိုက်ထပ်ဆာလာတတ်ပါတယ်။ ထမင်းတော့ ထပ်မစားချင်ဘဲ မုန့်တစ်ခုခုစားချင်တယ်ဆိုရင်တော့ အရသာရှိတဲ့ အာလူးပြောင်းဖူးကြော်လေး စားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ လုံး (အနေတော်အတုံး လှီးထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ပျဉ်းတော်သိမ်ရွက် အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီး ၁ တောင့် (ပါးပါးလှီးထားပါ)

  • ပြောင်းဖူး ၁၅၀ ဂရမ်
  • ပါးပါးလှီးထားသော တရုတ်နံနံ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သခွားသီး လေးစိပ် တစ်စိပ်
  • ဒိန်ချဉ် ၁၂၅ ဂရမ်
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဝက်

  • ကြက်ဥ ၃ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုသီး တစ်ခြမ်း (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် အာလူး၊ ကြက်သွန်နီ၊ ပျဉ်းတော်သိမ်၊ ပြောင်းဖူး၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ငရုတ်သီးမှုန့်၊ ဂျုံမှုန့်၊ ပြောင်းမှုန့်၊ ကြက်ဥများ၊ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို သမအောင် နယ်ဖတ်ထားလိုက်ပါ။

၂။ ဒန်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက စောစောက နယ်ထားသော အာလူးအနှစ်များကို စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ခပ်ယူပြီး ဆီပူထဲ ထည့်ကြော်လိုက်ပါ။ ၃ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပြီးသွားတဲ့အခါမှာတော့ အာလူးအနှစ်များက ရွှေညိုရောင်အဖြစ်ပြောင်းသွားပါလိမ့်မယ်။

ထိုအချိန်ကျမှ အိုးထဲက ဆယ်ယူပြီး ပိုလျှံနေသော ဆီများကို ဖယ်ရှားဖို့ရန်အတွက် ဆီစုပ်စက္ကူပေါ် တင်ထားလိုက်ပါ။ အာလူးအနှစ်များ ကုန်သွားသည်အထိ ကြော်ပေးရပါမယ်။

၃။ အာလူးကြော်နဲ့ တို့စားဖို့ရန်အတွက် ခရင်မ်ဖော်စပ်ရပါမယ်။ သခွားသီးကို လေးထောင့်အတုံးငယ် တုံးထားလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ထည့်လိုက်ပါ။ ထိုပန်းကန်လုံးထဲသို့ ဒိန်ချဉ်၊ တရုတ်နံနံနှင့် သံပုယိုသီးတို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

ထို့နောက် စောစောက ကြော်ထားသော အာလူးပြောင်းဖူးကြော်ဖြင့် အရသာရှိရှိ တို့စားလိုက်ပါ။

Source: Asianfoodchannel.com