ဟင်းချိုနဲ့ပတ်သက်ပြီး ဘာချက်ရမလဲ ခေါင်းစားနေပြီလား။ ဒါဆိုရင်တော့ ယခုဖော်ပြပေးမယ့် ဟင်းချိုချက်နည်းလေးကို စမ်းချက်ကြည့်လိုက်ပါ။ ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာကအလွန်ရှိတဲ့ ဂဏန်းသား၊ ပြောင်းဖူးဟင်းချိုကဆိုရင် ဖိလစ်ပိုင်စတိုင်ဖြစ်ပြီး ပြောင်းဖူး၊ ဂဏန်းသားတို့ပါဝင်လို့ လူကြီးရော၊ ကလေးတွေပါ အလွန်သဘောကျနှစ်သက်စွာ စားသုံးနိုင်ကြမှာပါ။
ပါဝင်ပစ္စည်းများ
- ကြက်ဥအကာ – ၁ လုံး
 - နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 - ကြက်ပြုတ်ရည် – ၁၀၀၀ မီလီလီတာ
 - ပြောင်းဖူး (သံဗူး) – ၄၀၀ ဂရမ် (အရည်စစ်ပြီးသား)
 - ဆန်အရက် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 
- ပဲငံပြာရည် (အရည်ကြည်) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 - ဂျင်း – လက်မအရွယ် ၁ စိတ်
 - ငရုတ်သီးအနီ (လှီးပြီးသား) – ၁ တောင့်
 - သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 - ပြောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
 
- ဂဏန်းသား – ၂၅၀ ဂရမ် (လှီးပြီးသား)
 - ဆား၊ ငရုတ်ကောင်းမှုန့် – အနည်းငယ်
 - ကြက်သွန်မြိတ် – ၂ ပင် (လှီးပြီးသား)
 - နံနံပင် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (လှီးပြီးသား)
 
ပြင်ဆင်ချက်ပြုတ်ပုံ
ကြက်ဥအကာနှင့် နှမ်းဆီကို ရော၍ခေါက်ပေးပါ။
ကြက်ပြုတ်ရည်ပွက်လာသည့်အခါ ပြောင်းဖူးထည့်ပြီး ၄ မိနစ်ခန့် တည်ထားပါ။
ဆန်အရက်၊ ပဲငံပြာရည်၊ ဂျင်း၊ ငရုတ်သီး၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့်၊ သကြားတို့ကို ထည့်ပေးပါ။
ပြောင်းမှုန့်ကို ရေအေး လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရောမွှေကာ ဟင်းချိုထဲကို မွှေထည့်ပြီး ပွက်အောင်ထားထားပါ။
လှီးထားသည့် ဂဏန်းသားတွေကို ထည့်၍ ခေါက်ထားသောကြက်ဥအကာကိုလည်း ဖြည်းဖြည်းချင်းထည့်ကာ အဆက်မပြတ်မွှေပေးပါ။ ပြီးလျှင် ဆား၊ ငရုတ်ကောင်းမှုန့်တို့နှင့် အရသာမြည်းပါ။
ပန်းကန်လုံးထဲခပ်ထည့်ပြီး ကြက်သွန်မြိတ်၊ နံနံပင်တို့ ဖြူးပေးပြီးရင် အရသာရှိတဲ့ ဟင်းချိုပူပူလေးတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။
											
				
