အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပင်လယ်စာ ဂဏန်းလုံးကြော် ပြုလုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။ ပါဝင်ပစ္စည်းများကိုလည်း အလွယ်တကူရှာဝယ်လို့ရပြီး ပြင်ဆင်ချက်ပြုတ်ရတာလည်း လွယ်ကူရိုးရှင်းတာကြောင့် မိမိအိမ်မှာ အရသာရှိရှိကြော်စားနိုင်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်းအသား ၂ ပေါင်ခန့်
  • ကြက်ဥ ၂ လုံး
  • ပေါင်မုန့် အကြေအစ အနည်းငယ်
  • တရုတ်နံနံ ၁ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဂျုံမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂဏန်းအသား၊ ကြက်ဥ ၁ လုံး၊ ပေါင်မုန့် အကြေအစ၊ ဒိန်ချဉ်၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ဆားနှင့် ငရုတ်ကောင်းတို့ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

၂။ နယ်ပြီးသော အစာများကို မိမိကြိုက်နှစ်သက်တဲ့ ပုံသဏ္ဍာန် အရွယ်အစားရရှိအောင် လုံးပြီးနောက် ခဲသွားဖို့ရန်အတွက် ရေခဲသေတ္တာထဲမှာ တစ်နာရီခန့် ထည့်ထားလိုက်ပါ။

၃။ အချိန်ပြည့်သွားပါက ပန်းကန်လုံးအသေးတစ်လုံးထဲမှာ ကြက်ဥဖောက်ထည့်ပါ။ အခြားပန်ကန်ထဲမှာ ဂျုံမှုန့်နှင့် နောက်ပန်းကန်လုံးတစ်လုံးထဲမှာတော့ ပေါင်မုန့်အကြေအစများ ထည်ထားလိုက်ပါ။ ထို့နောက် ဂဏန်းအသားလုံးများကို ထိုပန်းကန်လုံးသုံးလုံးထဲတွင် အစဉ်လိုက်ထည့်နှစ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ကို အရည်ဖျော်လိုက်ပါ။ ထို့နောက် ဂဏန်းအသားလုံးများကို တစ်ဖက် ၄ မိနစ်စီ ကြော်ပေးရပါမယ်။ ဂဏန်းသားလုံးများ ရွှေညိုရောင်သမ်းသွားပြီဆိုပါက ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။

ရရှိလာတဲ့ ဂဏန်းအသားလုံးကြော်ကို မိမိကြိုက်နှစ်သက်ရာ အချဉ်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိတို့စားနိုင်ပါပြီ။

Source: juicyappetite.com