အချိုကြိုက်တဲ့သူတွေနဲ့ ပူတင်းကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ခရင်မ်ချိစ်ပူတင်း ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း လွယ်ကူသလောက် စားရတာလည်း အရမ်းအရသာရှိတဲ့အတွက် အားတဲ့အချိန်မှာ မိသားစုနဲ့အတူ လုပ်စားကြည့်သင့်ပါတယ်နော်။

စတင်ပြုလုပ်ဖို့အတွက် အိုးတစ်အိုးကို မီးဖိုပေါ်တင်ပြီး သကြား – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာနဲ့ ရေ – စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်ပြီး တည်ထားပါ။

သကြားတွေထည့်ပျော်သွားပြီး အရောင်ကလည်း ရွှေရောင်လေးပြောင်းလာပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး ပြုတ်လို့ရမယ့်၊ အပူဒဏ်ခံနိုင်တဲ့ ဗူးတစ်ခုထဲထည့်ပါ။

Blender ထဲကို ခရင်မ်ချိစ် – ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာထည့်ပါ။ နွားနို့ – တစ်ခွက်ခွဲစာထည့်ပါ။ ပြီးရင်တော့ ခလုတ်နှိပ်ပြီးမွှေပါ။

နောက်ထပ်ပန်းကန်လုံးထဲကို ကြက်ဥ – ၁ လုံးထည့်ပါ။ ပြီးရင် နောက်ထပ် ကြက်ဥ အနှစ်ကြီးပဲ ၄ လုံး ထပ်ထည့်ပါ။ နို့ဆီ – ခွက်တစ်ဝက်စာ၊ ဆား – အနည်းငယ်၊ vanilla essence – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ခုနက blender ထဲထည့်မွှေထားတာတွေကို ဇကာနဲ့စစ်ပြီးထည့်ပါ။ အားလုံးထည့်ပြီးရင်တော့ သေချာသမသွားအောင် မွှေတဲ့အတံလေးနဲ့ မွှေပေးပါ။

မွှေပြီးရင် ခရား (သို့) ပန်းကန်ထဲကို ဇကာနဲ့စစ်ပြီး ပြောင်းထည့်ပါ။ အားလုံးပြီးရင်တော့ ပထမဆုံး သကြားရည်ထည့်ထားတဲ့ ဗူးထဲကို လောင်းထည့်လိုက်ရုံပါပဲ။ ထည့်ပြီးရင် အဖုံးပိတ်ပါ။

အိုးထဲကို ရေနွေးထည့်ပြီး ဗူးထည့်ဖို့ အောက်ခံတစ်ခုခုထည့်ပါ။ ပြီးမှ အဲ့ပေါ်ကို ဗူးတင်ပြီး အဖုံးအုပ်ကာ ၄၅ မိနစ် တည်ထားပါ။

အချိန်ပြည့်ရင် ဗူးကိုအပြင်ထုတ်ပြီး အေးသွားအောင် ထားလိုက်ပါ။ အေးသွားပြီဆိုမှ ရေခဲသေတ္တာထဲမှာ ၄ နာရီကြာအောင် ထည့်ထားပါ။

ရေခဲသေတ္တာထဲကထုတ်ရင်တော့ ဘေးဘက်လေးတွေကို ဓားနဲ့အရာပေးပြီး ပန်းကန်ပြားထဲ မှောက်ချပါ။

နောက်ဆုံးမှာတော့ ကိုယ်အဆင်ပြေသလို လှီးပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ ချိုချိုအီအီလေးနဲ့ အရသာရှိတဲ့ ခရင်မ်ချိစ်ပူတင်းကို ရရှိသွားပါပြီ။

Source: www. spicebangla