ပုစွန်ထဲမှာ Phosphorus ဓာတ်၊ Copper နဲ့ Magnesium တု့ိ ပါဝင်တဲ့အတွက်ကြောင့် ပုစွန်စားသုံးခြင်းက သင့်ကို အရိုးအဆစ်များ သန်မာစေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် B6 နဲ့ B12 တို့ ပါဝင်ခြင်းကြောင့် သင့်ခန္ဓာကိုယ်ကို စွမ်းအင်များ ဖြည့်တင်းပေးခြင်း၊ ကြွက်သားများ သန်မာစေခြင်း၊ သွေးနီဥဆဲလ်များကို အားပြန်ဖြည့်ပေးခြင်း စတဲ့ ကောင်းကျိုးများ ဆောင်ကျဉ်းပေးနိုင်ပါတယ်။

အိုမီဂါသရီးဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့ ပုစွန်က နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး သွေးပေါင်ချိန်ကိုလည်း မှန်ကန်အောင် ထိန်းညှိပေးနိုင်ပါသေးတယ်။ ဒီလိုမျိုး ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ပေးစွမ်းနိုင်တဲ့ ပုစွန်ကို အရသာရှိရှိလေးနဲ့ ကြွပ်ကြွပ်ရွရွလေးဖြစ်အောင် ဘယ်လိုကြော်စားရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဝိုင် (သို့) ရမ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ထောင်းထားသော ကြက်သွန်အနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ထောင်းထားသော ဂျင်းအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Source: veteransweekly.org

  • ပုစွန် ၁၂ ကောင်
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ပြောင်းမှုန့်နှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းစီ
  • ဆီအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံတစ်လုံးထဲသို့ ပုစွန်ထည့်ပြီးနောက် ပဲငံပြာရည်၊ ဝိုင်၊ သကြား၊ ကြက်သွန်ဖြူအနှစ်၊ ဂျင်းအနှစ်နှင့် ကြက်ဥတို့ဖြင့် ရောကာ သမအောင် နယ်လိုက်ပါ။ ထိုပါဝင်ပစ္စည်းများအားလုံး ပုစွန်ထဲသို့ စိမ့်ဝင်သွားဖို့ရန်အတွက် ပုစွန်ကို ထိုဇလုံထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားရပါမယ်။

၂။ မိနစ် ၃၀ ပြည့်ပါက ပြောင်းမှုန့်ဖြင့် ကပ်လိုက်ပါ။ ထို့နောက် ပြောင်းမှုန့်ကပ်နေသော ပုစွန်များကို ဂျုံမှုန့်ဖြင့် ထပ်ကပ်ပေးရပါမယ်။

၃။ ထို့နောက် ဆီပူထဲတွင် ပုစွန်များ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

ဤသို့ဖြင့် ပုစွန်ကြော် ကြွပ်ကြွပ်ရွရွလေး ရရှိလာပါလိမ့်မယ်။

ရရှိလာတဲ့ ပုစွန်ကြော်ကို အအေးခံပြီးနောက် မိမိနှစ်သက်ရာ အချဉ်ရည် တစ်မျိုးမျိုးဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: food.ndtv.com\