အားလုံးပဲ မင်္ဂလာပါ။ အိုမီဂါသရီး ဖက်တိအက်ဆစ်တို့ ကြွယ်ဝတဲ့အတွက်ကြောင့် မှန်မှန်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဆော်လမွန်ငါးဟင်းလေးကို ဒီတစ်ခါမှာတော့ ပျားရည်အရသာ ပေါ်လွင်အောင် ဘယ်လိုကြော်စားရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပျားရည် စားပွဲတင်ဇွန်း နှစ်ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

  • ဆော်လမွန်ငါး ၁၈ အောင်စခန့်
  • ထောပတ်သီးအဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပျားရည်၊ သံပုယိုရည်၊ ကြက်သွန်ဖြူ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင်မွှေထားလိုက်ပါ။

၂။ ဆော်လမွန်ငါးကို အလုံပိတ်အိတ်ထဲထည့်ပြီးနောက် စောစောကမွှေထားသော အရည်များကို အိတ်ထဲလောင်းထည့်လိုက်ပါ။ ငါးအသားထဲသို့ အရည်များ စိမ့်ဝင်သွားဖို့ရန်အတွက် ၁၅ မိနစ်ခန့် ထားထားရပါမယ်။

၃။ အချိန်ပြည့်ပါက ဆော်လမွန်ငါးကို အိတ်ထဲကထုတ်ပြီး အတုံး တုံးထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ငါးများထည့်လိုက်ပါ။ ထို့နောက် ဒယ်အိုးအဖုံးအုပ်ပြီး ၃ မိနစ်ခန့် ချက်လိုက်ပါ။

၄။ ထို့နောက် အဖုံးဖွင့်ပြီး ငါးများကို တစ်ဖက်လှန်လိုက်ပါ။ အဖုံးပြန်အုပ်ထားပြီး နောက်ထပ် သုံးမိနစ် ထပ်ကြော်ပေးလိုက်ပါ။

အချိန်ပြည့်သွားပြီဆိုရင်တော့ ပျားရည်အရသာဆိမ့်ဝင်နေတဲ့ ဆော်လမွန်ငါးဟင်းလေး ရရှိသွားပြီပဲဖြစ်ပါတယ်။

စားခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ပြီး စားသုံးပေးနိုင်ပါတယ်။

ဆော်လမွန်ငါးကြော်တဲ့အခါ သတိထားရမယ့် အချက်တစ်ခုကတော့ ငါးအရေခွံကို မကြိုက်ဘူးဆိုရင်တောင်မှ အရေခွံချွတ်ပြီးချက်တာမျိုး မပြုလုပ်ပါနဲ့။ ငါးအရေခွံက ငါးကြော်တဲ့အခါပဲဖြစ်ဖြစ်၊ ကင်တဲ့အခါပဲဖြစ်ဖြစ်၊ ချက်တဲ့အခါပဲဖြစ်ဖြစ် အသားက တူးမသွားအောင် ကူညီပေးပါတယ်။

Source: Ifoodreal.com